နန်းဆုပန်ခန့်
ဧပြီ ၂၄ ၊ ၂၀၂၃ ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ်၅ တပ်မဟာပူးပေါင်းတပ်များတိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးထားခဲ့သည့် သံလွင်မြစ်ကမ်းဘေးရှိ မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းဘက်သို့ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများထံကသိရသည်။
ပြီးခဲ့သည့်မတ်လ ၂၈ရက်တွင် KNLA ပူးပေါင်းတပ်များသိမ်းပိုက်ထားသည့် မယ်ခါးထာစခန်းဘက်ကိုစစ်ကောင်စီက တစ်လနီးပါးအကြာ ယမန်နေ့တွင် ဝေဟင်မြေပြင်တို့မှ စစ်ကြောင်းထိုးလာ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။
” အခုသူတို့ထိုးလာတဲ့စစ်ကြောင်းပုံစံက လေယာဉ်နဲ့အပေါ်ကနေလာတယ်။ ဗုံးလည်းကြဲချတယ်၊၊ လူကိုလည်းချတယ်၊ မြေပြင်မှာလည်းစစ်ကြောင်းထိုးလာတယ်” ဟု ကေအဲန်ယူတပ်မဟာ၅နှင့်နီးစပ်သည့်အသက် ၄၀ အရွယ်ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။
မယ်ခါးထာတပ်စခန်းအနီးတွင် စစ်ကောင်စီတပ်အင်အား ၄၀ နီးပါရှိနိုင်ပြီး ယမန်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ပြီး ယနေ့တွင်လည်းတိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါတိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ သံလွင်ခက်က ကေအဲန်ယူတပ်မဟာ၅ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းထားသော်လည်း လတ်တလောတွင်ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ထိုစခန်းအား ပြီးခဲ့သည့်မတ်လကုန်ပိုင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် FFD( Force For Federal Democracy)ပူးပေါင်းတိုက်ခိုက်ခဲ့ရာတွင် ထိုစခန်းတွင်း၌ အင်အား ၄၅ ဦးဝန်းကျင်ထိရှိသော်လည်း၄၅ မိနစ်အကြာတိုက်ခိုက်ပြီး စခန်းကိုသိမ်းပိုက်နိုင်ခဲ့သည်။
ထိုစခန်းသိမ်းတိုက်ပွဲအတွင်း၌စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံး၍ ၇ ဦးဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် MA-1၊ MA-2၊ MA-4၊ RPG-7၊ ၆၀မမစိန်ပြောင်း၊ စက်လတ်နှင့် စနိုက်ဖာ စုစုပေါင်း လက်နက်၂၃ လက်နှင့် ကျည် ၃၃၆၀တောင့်အပြင် ဆက်သွယ်ရေးစက် ၂ လုံး၊ စကားပြောစက် ၂ လုံး၊ ဖုန်း ၂ လုံး၊ ဓာတ်ခဲဗူး ၄ ဗူးနှင့် စစ်ဘောင်းဘီ ၂ထည်တို့ကိုသိမ်းဆည်းရမိသည်။ KNLA ပူးပေါင်းတပ်ဘက်မှတစ်ဦးကျဆုံး၍ ၈ဦးဒဏ်ရာရရှိခဲ့သည်။
မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းသည် ယခင် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊တပ်ရင်း(၂၀)အခြေစိုက်ရာဒေသဖြစ်ပြီး ၁၉၉၅ခုနှစ် KNUဗဟိုဌာနချုပ်–မာနယ်ပလောကျဆုံးပြီးနောက် စစ်ကောင်စီတပ်က အလုံးအရင်းဖြင့်ထိုးစစ်ဆင်သိမ်းယူထားခဲ့သည့်KNLAစခန်းဟောင်းဖြစ်သည်။
ပုံစာ–ပြီးခဲ့သော မတ်လ၂၈ ရက်တွင်မယ်ခါးထာစခန်းအား KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်မီးရှို့ခဲ့မှုနှင့်သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများ။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/792
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3782
Website ->https://eng.thanlwinkhet.net