ကောင်းချစ်အောင်
ဧပြီ ၂၇၊ ၂၀၂၃။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကိုင်းမကျီးကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးရုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ ၇ ဦး ကိုလည်း ဓားစာခံအဖြစ် ခေါ်ဆောင်သွားသည်ဟု သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်း ဧပြီ ၂၄ရက် မနက် ၇နာရီဝန်းကျင်တွင် Faw ကား ၅ စီးဖြင့် စစ်ကောင်စီတပ်များ ကိုင်းမကျီးရွာသို့ ရုတ်တရက်ရောက်ချလာပြီး ပအဖရုံးကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
“သတင်းပေးကြောင့်လို့ထင်တယ်။ ရပ်ကျေးပအဖတွေအတွက် ချပေးထားတဲ့ လက်လုပ်တွေ ပါသွားတယ်။ ပြည်သူ၇ဦးကိုလည်း ဖမ်းခေါ်သွားတယ်“ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူခုနစ်ဦးကို စစ်ကြောင်းတစ်လျှောက်ခေါ်ဆောင်သွားပြီး လက်ရှိအချိန်တွင်ဆင်ချောင်းပျူစောထီးရွာသို့ ရောက်ရှိနေသည်ဟု သိရသည်။
အဆိုပါရုံးကိုဝင်စီးနင်းမှုနှင့်ပတ်သက်၍ စစ်ကောင်စီဘက် ကျေးလက်ဆေးပေးခန်းအတွင်း၌ လက်လုပ်သေနတ် ၃လက် ၊လက်လုပ်မိုင်း ၈ လုံး၊ ယမ်းကြိုး ၂ ခွေ၊ ဝါယာကြိုး ၃ ခွေ၊ ဘတ္ထရီးအိုး ၂ လုံး၊ ပြောက်ကျားယူနီဖောင်း ၁ စုံ၊စကားပြောစက် ၂ လုံး သိမ်းဆည်းရမိသည်ဟု သတင်းထုတ်ပြန်ထားပြီး ထိုထုတ်ပြန်ချက်မှာ မဟုတ်မှန်ကြောင်းရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံကဆိုသည်။
“ကျေးလက်ဆေးခန်းမဟုတ်ဘူး။ ပအဖရုံးပါ ။ တမင်ဝါဒဖြန့်ချင်တဲ့သဘောထုတ်ပြန်ထားတာပါ“ဟု ၎င်းကပြောသည်။
ယခုဧပြီလ ၁၈ရက်တွင်လည်း မြိုင်မြို့နယ်၊ မန်ကျည်းကန်ရွာ ကျေးလက်ဆေးခန်းကို စစ်သုံးရဟတ်ယာဉ်များအသုံးပြုကာ ဝင်ရောက်စီးနင်းခဲ့ပြီး ဆရာဝန်နှစ်ဦးအပါအဝင် ဒေသခံ၁၆ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်။
ပုံစာ–စစ်ကောင်စီသတင်းချန်နယ်များတွင် တွေ့ရသည့် သိမ်းဆည်းခံပစ္စည်းများ ။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/851
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3880
Website ->https://eng.thanlwinkhet.net