Saw Smith
ဧပြီ ၂၈ ၊ ၂၀၂၃ ။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံထားရသည့် နာမည်ကြီး မြန်မာ့ရိုးရာလက်ဝှေ့သမား တူးတူးသည်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပြီဟု ယမန်နေ့တွင် သတင်းထွက်ပေါ်ခဲ့သည်။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စကုမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ဧပြီလ ဒုတိယအပတ်အတွင်း၌ ဖမ်းဆီးခံလိုက်ရသည့် တူးတူးသည် စကုတပ် ခလရ ၁၀ တွင် အချိန်အတော်ကြာ ချုပ်နှောင်ခံထားရပြီးနောက် ထွက်ပြေးရန်ကြိုးစားစဥ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟု ယမန်နေ့တွင် သတင်းထွက်ပေါ်လာခဲ့သည်။
ထိုသို့ သတင်းထွက်ပေါ်လာမှုနှင့်ပတ်သက်၍ လက်ဝှေ့လောကသားများနှင့် ပရိသတ်များအနက် တချို့က သတင်းခိုင်မာသည့် ပုံစံဖြင့် ဝမ်းနည်းကြောင်း ဖော်ပြထားကြသလို တချို့ကလည်း သတင်းမှန် မဟုတ်ပါစေကြောင်းဝိုင်း၍ ဆုတောင်းပေးနေကြသည်။
“ထွက်ပြေးတာနဲ့ အပစ်ခံရတာဆိုတော့ ၉၀ ရာခိုင်နှုန်း သေချာတယ်။ အလောင်းပဲ မမြင်ရသေးတာ” ဟု တူးတူးနှင့် နီးစပ်သည့် လက်ဝှေ့သမားအဖြစ်မှ ကာကွယ်ရေးရဲဘော်ဖြစ်နေသူ တစ်ဦးက သံလွင်ခက်ကိုပြောသည်။
တူးတူးသေဆုံးမှု သတင်းနှင့်ပတ်သက်၍ မြန်မာ့ရိုးရာလက်ဝှေ့ အမျိုးသမီးချန်ပီယံ နှင့် လက်ရှိမွေထိုင်းဘုရင့်ဖလားချန်ပီယံ ကယန်းတိုင်းရင်းသူ ဘရော်နီကာက “တစ်နေ့ သေရမှာ သိပေမယ့် လှပတဲ့ ရှင်သန်ခြင်းနဲ့ ဘဝသေဆုံးချင်ကြတာ အမှန်ပါပဲ။ ဒါပေမယ့် ငါတို့မှာ ဒီလိုရွေးချယ်ခွင့် မရှိပါဘူး။ R. I .P ပါ ဒီဘဝနဲ့ ကြေပါစေလို့ပဲဆုတောင်းပေးနေမိတယ်” ဟု ယနေ့နံနက်ပိုင်းတွင် ဖော်ပြထားသည်။
တူးတူးပစ်ခတ်ခံရ၍ သေဆုံးသွားပြီဆိုသော သတင်းနှင့်ပတ်သက်၍ သံလွင်ခက်က လက်ဝှေ့လောကသားများနှင့်တူးတူးနှင့် နီးစပ်သည့် PDF ရဲဘော်များ ၁၀ ဦးထက်မနည်းကို ဆက်သွယ်မေးထားသော်လည်း အတည်ပြု မသိရှိနိုင်သေးပေ။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့နယ်၊ မင်းချောင်းတံတားအနီးရှိ ရွှေအိမ်သစ်စားသောက်ဆိုင်၌၂၀၂၂ ခုနှစ်၊ ဧပြီ ၁၁ ရက် ည ၈း၃၀ နာရီအချိန်ခန့်၌ လက်ဝှေ့သမား တူးတူး အပါအဝင် PDF ၆ ဦးကိုလုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ခဲ့သည်။
ယမန်နေ့၌ တူးတူး ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့ပြီဆိုသော သတင်းထွက်ပေါ်လာမှုနှင့်ပတ်သက်၍ စစ်ကောင်စီအသိုင်းအဝိုင်းများထံ ဆက်သွယ်မေးမြန်းထားသော်လည်း အတည်ပြုပြောဆိုနိုင်ခြင်း မရှိကြသေးပေ။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/861
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3904
Website ->https://eng.thanlwinkhet.net