သံလွင်ခက်
ဧပြီ ၂၉ ၊ ၂၀၂၃ ။
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင်လူ့တစ်ရပ်လောက်ရှိသည့် ဗုံးသီးများကို အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
မင်းတပ်မြို့နယ်အတွင်းကို ဂျက်ဖိုက်တာဖြင့်လာရောက်တိုက်ခိုက်ခဲ့ရာ၌ မပေါက်ကွဲခဲ့သည့်ဗုံးခွံများကို ယနေ့နံနက်ပိုင်း၌ မင်းတပ်CDFက ပုံများနှင့်တကွဖော်ပြခဲ့ရာတွင် အရွယ်အစားမှာ လူ့တစ်ရပ်နီးပါးထိရှည်လျားနေသည်ကိုတွေ့ရှိရသည်။
မင်းတပ်မြို့နယ်ကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများကိုတောက်လျောက်ပြုလုပ်နေခဲ့ရာ ယခုလအတွင်း၌ လေကြောင်းတိုက်ခိုက်မှု ၂၀ ကြိမ်ပြုလုပ်ထားခဲ့သည်ဟု မင်းတပ်CDF ၏ ထုတ်ပြန်ချက်များအရသိရသည်။
ယခုလအတွင်း လေကြောင်းမှတိုက်ခိုက်ခံရမှုအကြိမ် ၂၀အနက် ဧပြီ ၁၆ရက်တွင် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁)ရှိပန်းပါကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှု၌ ပြည်သူများထိခိုက်သေဆုံးမှုရှိခဲ့သည်။
ဧပြီ၁၆ရက် ညနေ ၃း၀၀ မှ ၄း၀၀ နာရီအချိန်တွင် ဂျက်ဖိုက်တာဖြင့် ၆ ကြိမ်လာရောက်၍ပန်းပါကျေးရွာကိုဗုံး၁၇လုံးကြဲချတိုက်ခိုက်ခဲ့ရာ ၄နှစ်အရွယ်ကလေးအပါအဝင် ကလေးနှစ်ဦးနှင့် အသက်၇၀ရွယ်အမျိုးသမီးတစ်ဦးတို့သေဆုံးခဲ့ရသည်။
ထို့ပြင် ပြည်သူ၆ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်၂လုံးမီးလောင်မှုအပါအဝင်နေအိမ်၉လုံးထိခိုက်ပျက်စီးခဲ့သည်။ ပန်းပါကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှု၌ မပေါက်ကွဲဘဲကျန်နေသည့်ဗုံးသီးများကျန်နေခဲ့သည်ဟုသိရသည်။
စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်းကို
ယခုနှစ်စပိုင်းမှစ၍ ဖုန်းလိုင်းများဖြတ်တောက်၍ လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေခဲ့ရာ ပြည်သူများအသက် ဆုံးရှုံးနေရမှုများရှိခဲ့သည့်အပြင် စစ်ရှောင်စခန်းစီမံခန့်ခွဲမှုရုံး၊ မင်းတပ်CDF စခန်းငယ်တစ်ခုနှင့်လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသည်။
မင်းတပ်မြို့နယ်ရှိကျေးရွာများဘက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည့်အပြင်လက်နက်ကြီးများဖြင့်လည်း အကြိမ်ရေများစွာပစ်ခတ်တိုက်ခိုက်နေသည်ဟု သိရသည်။
ထိုသို့တိုက်ခိုက်နေသော်လည်း မင်းတပ်မြို့နယ်အစပ်သို့စစ်ကြောင်းထိုးလာသောစစ်ကြောင်းများနှင့် မင်းတပ်မြို့နယ်အတွင်းရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များကို မင်းတပ်CDF များနှင့်မဟာမိတ်တပ်များပူးပေါင်း၍ တိုက်ခိုက်လျက်ရှိနေသည်။
မင်းတပ်CDF ၊မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ ယခုလအတွင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦးသေဆုံးထားသည်ဟု မင်းတပ်CDFက ထုတ်ပြန်ထားသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/879
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3945
Website ->https://eng.thanlwinkhet.net