ကောင်းချစ်အောင်
မေ၂၅၊ ၂၀၂၃။
NUGက ထိထိရောက်ရောက်အရေးယူရန်သက်မှတ်ထားသည့် စစ်ကောင်စီထောက်တိုင် ကုန်ပစ္စည်းအမှတ်တံဆိပ်ကို NUG လက်အောက်ခံ ပအဖ တပ်ဖွဲ့ဝင်များက ငွေယူ၍ ဧရာဝတီမြစ်အတွင်း သင်္ဘောကြီးများဖြင့်ပါသယ်ဆောင်ခွင့်ပေးနေသည်ဟု သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်း မေလ၂၂ရက်တွင် စစ်ကိုင်းတိုင်း၊ ရေစကြိုမြို့နယ် ဧရာဝတီမြစ်ကြောင်းအတွင်း၌ မောင်းနှင်းလာသည့် မင်းသူအောင်–၁နှင့် ရေဘုရင်ကြီး–၅ ကုန်စည်တင်သင်္ဘောနှစ်စီးကိုLocal PDF များက ရှောင်တခင်စစ်ဆေးရေးပြုလုပ်ခဲ့သည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ကြံ့နှစ်ကောင်ဘိလပ်မြေအိတ်များကို သယ်ဆောင်လာသည်ကိုတွေ့ရှိရပြီး ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ကာကွယ်ရေးတပ်ဖွဲ့များက အခွန်အဖြစ်ကောက်ခံထားသည့် ကျပ်၂၉သိန်းနှင့် ကျပ်၂၀သိန်း ပြေစာများ တွေ့ရှိခဲ့ရသည်ဟုBright Star Group Local Defense Force ဦးဆောင်သူ ကိုရှဲဒိုးက သံလွင်ခက်ကိုပြောသည်။
“စစ်ကောင်စီရဲ့ စီပွားရေးထောက်တိုင်ကုန်စည်ပစ္စည်း ပါလာမယ် သတင်းရလို့ စစ်တာ။ ပကဖ က တာဝန်ပေးထားတဲ့ရေလယ်ကျွန်းအဖွဲ့အကြီးပိုင်းများက ဦးဆောင်ပြီး ဖြတ်သန်းသွားလာခွင့်ဆိုတဲ့ စာရွက်နဲ့ အခွန်ကောက်နေတဲ့စာရွက်တွေတွေ့ရပါတယ်” ၎င်းကဟု ပြောသည်။
မင်းသူအောင်–၁တွင် ဘိလပ်မြေအိတ် အရေအတွက် ၃၂၀၀၀ နှင့် ရေဘုရင်ကြီး–၅တွင် ဘိလပ်မြေအိတ်အရေအတွက် ၂၂၆၅၆ အိတ်တင်ဆောင်လာပြီး သင်္ဘောကိုယ်စားလှယ်များကို နောက်နောင် စစ်ကောင်စီစီးပွားရေးထောက်တိုင်ပစ္စည်းများ မတင်ဆောင်ရန် သတိပေးပြောဆို၍ အသိပညာပေးခဲ့သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပစ္စည်းများသယ်ယူခွင့်ပေးသည့် ရေလယ်ကျွန်း ပအဖအဖွဲ့ထံ NUGကနေ သတ်မှတ်ထားသည့် စစ်ကောင်စီစီးပွားရေး ကုန်ပစ္စည်းတံဆိပ်ပါ ပစ္စည်းများကို ထိထိရောက်ရောက်အရေးယူပေးရန်တောင်းဆိုချင်ပါသည်ဟု ကိုရှဲဒိုးက ပြောသည်။
ပခုက္ကူမြို့နယ်အတွင်း စစ်ကောင်စီ၏ ထုတ်ကုန်နှင့်ပစ္စည်းများကို သုံးစွဲရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်းများမပြုလုပ်ရန် ပခုက္ကူကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပြီး ထိုအထဲတွင် ကြံ့နှစ်ကောင်ဘိလပ်မြေလည်း အပါအဝင်ဖြစ်သည်။
ထိုသို့ကန့်သတ်ထားသည့် စစ်ကောင်စီစီးပွားရေးထောက်တိုင်ပစ္စည်းများကို သယ်ယူခွင့်ပေးနေရသောအကြောင်းအရင်းနှင့်ပတ်သက်၍ ရေလယ်ကျွန်းပအဖထံ သံလွင်ခက်က ဆက်သွယ်မေးမြန်းရန် ကြိုးစားဆက်သွယ်နေသည်။
အဆိုပါကိစ္စအား NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်ထံ သံလွင်ခက်က မေးမြန်းထားသော်လည်း ယနေ့ နေ့လည်ပိုင်းထိပြန်လည် ဖြေကြားခြင်းမရှိသေးပေ။
ပုံစာ–ကုန်စည်တင်သင်္ဘောများပေါ်တွင် သယ်ဆောင်လာသည့် ကြံ့နှစ်ကောင် ဘိလပ်မြေအိတ်များ။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1187
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.com/?p=4569
Website ->https://eng.thanlwinkhet.net