သံလွင်ခက်။
မေ ၂၉၊ ၂၀၂၃။
စစ်ဘေးဒဏ်သင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ဒေသခံများ ဆေးဝါးအကူညီ လိုအပ်နေသည်ဟု ကူညီသူများထံက သိရသည်။
ကလေးမြို့အပါအဝင် အနီးနားကျေးရွာများမှ စစ်ရှောင်ပြည်သူများနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်သူများကို ကုသမှုပေးရန်အတွက် ဆေးဝါးများ လိုအပ်နေခြင်းဖြစ်သည်ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ ) ဆေးဘက်ဆိုင်ရာ တာဝန်ခံက ပြောသည်။
၎င်းက ” အဓိက ပစ္စည်းမစုံတာပေါ့။ ရှိတာနဲ့ ဖြစ်အောင်လုပ်နေရတယ်။ ခုထိ လိုအပ်တဲ့ ခွဲခန်းသုံးတွေ ဖြေးဖြေးချင်းစုနေရတုန်းပဲ ” ဟု ဆိုသည်။
တစ်ရက်လျှင် စစ်ဘေးရှောင် ဦးရေ အနည်းဆုံး ၄၀ ကျော်နှင့် အများဆုံး ၁၀၀ ကျော်ကို နေ့စဉ် ဆေးကုသမှုများပေးနေရသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
ဆရာ၊ ဆရာမ အင်အားမလုံလောက်သော်လည်း အတတ်နိုင်ဆုံး ကုသမှုများ လုပ်ဆောင်ပေးနေသည်ဟု ဆေးကုသမှုပေးနေသည့် ဆရာမတစ်ဦးက ပြောသည်။
၎င်းက ” လုံလောက်တယ်လို့တော့ မရှိပါဘူး။ တနင်္ဂနွေကို ပိတ်ရက် သတ်မှတ်ထားပေးမယ့် ဆေးရုံတင်ထားတဲ့သူတွေက မပြတ်တော့ မနားရပါဘူး “ဟု ဆိုသည်။
လာရောက်ပြသသူများထဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ထိမှန်သူများအပြင် သွေးတိုး၊ ဆီးချိုနှင့် ရာသီအပြောင်းလဲကြောင့် ဖျားနာသူများလည်း ပါဝင်သည်ဟု ဆေးကုသမှုပေးနေသူများထံက သိရသည်။
စစ်ကောင်စီတပ်က ဆေးဝါးသယ်ယူခွင့်ကို တင်းကြပ်ထားသည့်အပြင် တွေ့ရှိပါက သိမ်းဆည်းမှုများ လုပ်ဆောင်သည့်အတွက် ဆေးဝါးသယ်ရာတွင်လည်း အခက်အခဲဖြစ်ပေါ်နေသည်ဟု ကူညီသူများထံက သိရသည်။
ပြီးခဲ့သည့် မေလ ၂၇ ရက်တွင် ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ကြားထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ကလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည့်အတွက် ကလေးမြို့နယ်တောင်ပိုင်းမှ ဒေသခံ ၇ ဦးထိခိုက်ခဲ့ကာ ၁ ဦးသေဆုံးခဲ့သည်။
ကလေးမြို့နယ်တောင်ပိုင်းတွင် ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ကြား ဖြစ်ပွားနေသည့် ထိတွေ့တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရည့် ဒေသခံ ၁ သောင်းကျော်ရှိသည်ဟု ကူညီသူများထံက သိရသည်။
စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်တွင်း စစ်ဘေးဒုက္ခသည်၂ သန်းခွဲကျော်ရှိလာပြီဖြစ်ရာ ပြည်တွင်း စစ်ဘေးဒုက္ခသည်အများစုသည် စစ်ကိုင်းတိုင်းက ဖြစ်သည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။
ပုံစာ – ကလေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ဆေးကုသမှုပေးနေသည့် မြင်ကွင်း။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1241
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.com/?p=4672
Website ->https://eng.thanlwinkhet.net