ကောင်းချစ်အောင်
ဇွန် ၁၊ ၂၀၂၃။
စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများပါဝင်ဆွေးနွေးသည့် ပထမအကြိမ်စစ်ကိုင်းဖိုရမ်ကို မေလ၃၀ရက်နှင့် ၃၁ရက်တို့တွင် နှစ်ရက်တာကျင်းပခဲ့ပြီး စစ်ကိုင်းတိုင်းအတိုင်ပင်ခံကောင်စီ တည်ထောင်နိုင်ရန်သဘောထားများစုစည်းနိုင်ခဲ့ကြသည်ဟု စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။
နှစ်ရက်တာကျင်းပခဲ့သည့် စစ်ကိုင်းဖိုရမ်တွင် တိုင်းအတွင်း ၂၈မြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်း၁၇၃ဖွဲ့နှင့် လေ့လာသုံးသပ်သူ ၃၁ဦး တက်ရောက်ခဲ့ကြပြီး နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် အထွေထွေဟူသည့် ကဏ္ဍလေးရပ်ကို ဆွေးနွေးအဖြေရှာခဲ့ကြသည်ဟု စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် အစုအဖွဲ့တစ်ခု သို့မဟုတ် စစ်ကိုင်းတိုင်းအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းနိုင်ရေး သဘောထားများ စုစည်းနိုင်ခဲ့ပြီး အားရကျေနပ်မှုရှိခဲ့သည်ဟု ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ဝင်လူငယ်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ပါဝင်တဲ့အဖွဲ့တွေက အားတက်တရော ဆွေးနွေးခဲ့ကြတယ်။ ဒါပထမဆုံးခြေလှမ်းတစ်ခုဆိုတော့ လိုအပ်ချက်တွေရှိတာပေါ့ဗျာ“ဟု ၎င်းကဆိုသည်။
ဒေသတွင်းကာကွယ်ရေးအဖွဲ့အချင်းချင်း စုဖွဲ့မှုပိုမိုအားကောင်းရန် ရည်ရွယ်ထားပြီး အသွင်ကူးပြောင်းရေးအစီအမံများ၊ နိုင်ငံရေးရှေ့လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်းဆိုသည်။
“ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုသွားရာမှာ ဖက်ဒရယ်ယူနစ်အသီးသီးမှာ ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့်တွေရှိရမယ်။ အဲဒီအတွက် တိုင်းအတိုင်ပင်ခံကောင်စီအနေနဲ့ မူဝါဒရေးရာဆက်လက်ဆွေးနွေးသွားဖို့ရှိပါတယ်“ဟု
ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
စစ်ကိုင်းတိုင်းကို ဦးဆောင်နေသူများ၏ နိုင်ငံရေးရည်မှန်းချက်ခိုင်မာမှု၊ အမျှော်အမြင်ရှိမှု၊ မိမိကြမ္မာ မိမိဖန်တီးခွင့်ကိုကျင့်သုံးပြီး မတူကွဲပြားမှုများကို အင်အားအဖြစ်စုစည်းပြီး ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ဖွဲ့စည်းနိုင်ရေးကိုကရင်အမျိုးသားအစည်းအရုံး KNU ကလည်းတိုက်တွန်းထားသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ စစ်အာဏာရှင်တော်လှန်ရေးထဲတွင်ပါဝင်နေသည့် အဖွဲ့အစည်းအများစုကိုဖိတ်ကြားခဲ့ပြီးNUGလက်အောက်ခံ လက်နက်ကိုင်အင်အားစုများ၊ Local PDFများလည်းပါဝင်သည်ဟု ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူက သံလွင်ခက်ကိုပြောသည်။
“တပ်ရင်းနံပါတ်ရှိတဲ့အပြင် local နာမည်လည်း ရှိကြတော့ ရင်းအနေနဲ့မဟုတ်ဘဲ local pdf နာမည်တစ်ခုခုနဲ့တက်ရောက်ဆွေးနွေးကြတာပါ ကနဦးသဘောထားစုစည်းနိုင်ခဲ့ကြတယ်“ဟု ၎င်းကဆိုသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCCက ရေးဆွဲထားသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အတိုင်းဆောင်ရွက်သွားမည်ဟု အများစုကသဘောတူခဲ့ကြပြီး ပိုမိုကျယ်ပြန်သည့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ ချဉ်းကပ်မှုများဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“အများသဘောတူတာကတော့ FDCနဲ့အညီပေါ့ဗျာ။ ဒါပေမယ့် ပထမအကြိမ်လည်းဖြစ်တယ်ဆိုတော့ ပါဝင်နိုင်မှုတွေ ပိုမိုအားကောင်းကျယ်ပြန့်အောင် ချိတ်ဆက်ပြီးမှ လွှမ်းခြုံသဘောတူကြဖို့ စဉ်းစားတာမျိူးဖြစ်လို့အလောတကြီးဆုံးဖြတ်ချက်ချတာမျိုး အရမ်းကြီးမလုပ်ကြသေးတာပါ“ဟုဆိုသည်။
လက်ရှိစစ်ကိုင်းအတွင်း ဒေသတွင်းပဋိပက္ခများဖြစ်ပွားခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် ကြန့်ကြာမှုများရှိနေခြင်းများကို စစ်ကိုင်းတိုင်းအတိုင်ပင်ခံကောင်စီအနေဖြင့် ဖြေရှင်းသွားနိုင်မည်ဟု စစ်ကိုင်းဖိုရမ်တွင် တက်ရောက်ခဲ့သည့် ယင်းမာပင်Local PDFအဖွဲ့ခေါင်းဆောင်ကဆိုသည်။
” အတိုင်ပင်ခံကောင်စီ လိုအပ်တယ်ဗျ ။ တော်လှန်ရေးအတွင်းမှာ ပြဿနာတွေဖြေရှင်းဖို့ လက်နက်ကိုင်နဲ့ သာမာန်ပြည်သူကြားကိစ္စတွေပေါ့ နောက်တစ်ခုက လက်နက်ကိုင်တွေပေါင်းစည်းရေးကိစ္စမှာ အဖုအထစ်တွေဖြည်ပေးဖို့လိုတယ်ဗျ“ဟု ၎င်းကဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရကမူ ပြင်ပ ပရောဂများမပါဘဲ မိမိဒေသအခြေအနေနှင့် ကိုက်ညီသော ရလဒ်များဆွေးနွေးအဖြေရှာနိုင်ကြစေရန် သဝဏ်လွှာပေးပို့ထားသည်။
ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်ကို လာမည့် နှစ်လ သို့မဟုတ် သုံးလအတွင်း ကျင်းပသွားမည်ဟု ကနဦးသိရှိရပြီးပထမအကြိမ်ထက် တော်လှန်ရေးအဖွဲ့အစည်းများကို ပိုမိုစုံလင်စွာ ဖိတ်ကြားသွားမည်ဟု သိရသည်။
ပုံစာ–စစ်ကိုင်းမြို့နယ်အတွင်းမှ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်မြင်ကွင်းတစ်ခု(ပုံအဟောင်း)
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1288
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.com/?p=4813
Website ->https://eng.thanlwinkhet.net