သံလွင်ခက်
ဇူလိုင် ၅ ၊ ၂၀၂၃။
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်း စစ်ရေးပစ်မှတ်များအပြင် အရပ်သားပစ်မှတ်များကိုပါ လေကြောင်းမှတိုက်ခိုက်နေရာ စစ်ရှောင်များနှင့် ဒေသခံပြည်သူများ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများဆက်တိုက် ဖြစ်ပွားနေသည်။
ပြီးခဲ့သည့် ဇွန်လမှစ၍ စစ်ရေး ပိုမို ပြင်းထန်လာနေသည့် ကရင်နီပြည်နယ်အတွင်းကို စစ်ကောင်စီက ဝေဟင်၊မြေပြင်တို့မှ ထိုးစစ်ဆင်နေရာ လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်နီးပါး ပြုလုပ်လျက်ရှိသည်။
တိုက်ပွဲများ မရှိသည့်အချိန်နှင့် ညအချိန်မတော်တွင်လည်း ရုတ်တရက် လာရောက် တိုက်ခိုက်ခြင်းဖြစ်သောကြောင့် ပြည်သူများမှာ ကြိုတင်ရှောင်ရှားချိန် မရကြဟု သိရသည်။
“ဗုံးခိုကျင်းတွေက အနည်းနဲ့ အများတော့ တူးထားကြပါတယ်။ ဒါပေမယ့် လေယာဥ်က အသံမကြားခင် ဗုံးပစ်ချသံက အရင်ကြားရတော့ ပြေးလို့ မမှီဘူး။ နောက် ဘယ်အချိန် လာမယ်မှန်း မသိတော့ ဗုံးခိုကျင်းတွေထဲမှာလည်းကြိုမနေကြဘူးပေါ့နော်။ အခုက မိုးတွင်းဆိုတော့ စိုးရွှဲနေတော့ ကျင်းထဲမှာ နေဖို့ အဆင်မပြေဘူး” ဟု ဒီးမော့ဆိုဒေသခံ တစ်ဦးက ပြောသည်။
ယမန်နေ့ ဇူလိုင် ၄ ရက်၊ နံနက်အစောပိုင်း ၂ နာရီခန့်တွင် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်နေရာ တစ်ခုကိုစစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဂျက်တိုက်လေယာဥ်ဖြင့် ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ပေါင် ၅၀၀ ဗုံးနှစ်လုံးနှင့် ပေါင် ၁၀၀ ဗုံးနှစ်လုံးတို့ဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် အသက်နှစ်နှစ်နှင့် ၁၀ လအရွယ်ကလေးငယ် တစ်ဦးအပါအဝင် မိသားစု သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖော်ပြထားသည်။
ထိခိုက်ဒဏ်ရာရရှိသူများအနက် ဦးခေါင်းထိမှန်ခဲ့သည့် ကလေးငယ်မှာ ရောဂါအခံပါရှိသည့်အတွက် အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ဒေသခံများထံမှ သိရသည်။
ထို့ပြင် စာသင်ကျောင်းဆောင် နှစ်ဆောင်၊ ခန်းမဆောင် တစ်ဆောင်နှင့် စစ်ရှောင်တဲ တချို့ ပျက်စီးခဲ့သည်။ကရင်နီပြည်တွင် ပြီးခဲ့သော ဇွန်လနောက်ဆုံးပတ်အတွင်း ဘော်လခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်တို့တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီတပ်က နေ့စဥ်နီးပါး လေကြောင်းမှ လာရောက် တိုက်ခိုက်ခဲ့သည်ဟု KNDF ကထုတ်ပြန်သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဖရူဆိုမြို့နယ်တွင် ပြည်သူ တစ်ဦးနှင့် ဖားဆောင်းမြို့နယ်တွင် ပြည်သူ လေးဦးသေဆုံးခဲ့သည်။
“လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်တဲ့ အခြေအနေတွေက အရမ်းကို အားနည်းပါတယ်။ သူတို့(စစ်ကောင်စီတပ်) သုံးတဲ့ ပေါင် ၂၀၀၊ ပေါင် ၅၀၀ ဗုံးတွေက ကတုတ်ကျင်းတွေ အချပ်လိုက် လန်ထွက်တဲ့အထိပြင်းတယ်” ဟု ကရင်နီလူ့အခွင့်ရေးဒါရိုက်တာ ဦးဗညားက ပြောသည်။
စစ်ကောင်စီက ဖျက်အားပြင်းဗုံးများဖြင့် တိုက်ခိုက်နေသော်လည်း စစ်ဘေးရှောင်များအတွက် ထိုဗုံးဒဏ်များကို ခံနိုင်မည့် စံချိန်မီ ဗုံးခိုကျင်းများ ပြုလုပ်ပေးရန် သစ်၊ ဘိလပ်မြေအပါအဝင် လိုအပ်သော ပစ္စည်းများ ဝယ်ရန်ငွေကြေးနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အခက်အခဲများစွာ ရှိနေသည်ဟု ၎င်းက ဆိုသည်။
ထို့ပြင် စစ်ဘေးရှောင်များမှာ တစ်ပြည်နယ်လုံး ပြန့်နှံ့လျက်ရှိနေပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပါ ဖြတ်တောက်ခံထားရသည့်အတွက် လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်မှုများကို အချိန်နှင့်တစ်ပြေးညီသတင်းပေးပို့နိုင်ရန် ခက်ခဲနေသည်။
ကရင်နီပြည်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် မကြာခဏအသက်ဆုံးရှုံးနေရမှုများအပါအဝင် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများအတွက်နိုင်ငံတကာ အကူအညီ ရရှိရန် တောင်းဆိုခဲ့သော်လည်း ထိရောက်သည့် တုန့်ပြန်မှုမျိုး မရရှိသေးပေ။
“စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဖြေလျော့နိုင်ဖို့အတွက် အများကြီး တောင်းဆိုခဲ့တာ ရှိပါတယ်။No Fly Zone သတ်မှတ်ပေးဖို့ နိုင်ငံတကာကို မကြာခဏ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေတောင် ရဖို့ အားနည်းနေတဲ့ အခြေအနေမှာ No Fly Zone သတ်မှတ်ပေးဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သုံးသပ်မိလာပါတယ်” ဟု ဦးဗညားကပြောသည်။
ကရင်နီပြည်စစ်ဘေးရှောင်များအတွက် No Fly Zone သတ်မှတ်ပေးနိုင်ရေး တောင်းဆိုမှုများ မဖြစ်နိုင်တော့သည့်အခြေအနေ၌ စစ်ကောင်စီထံ လေယာဥ်ဆီများနှင့် လေယာဥ်ပစ်လက်နက်၊ ပစ္စည်းများ တင်ပို့ရောင်းချနေသည့်ကုမ္ပဏီများကို အရေးယူ၊ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ပေးရန် ထပ်မံ တောင်းဆိုခဲ့ရာတွင်လည်း ထိရောက်သည့်အရေးယူဆောင်ရွက်မှုများ မရှိလာ၍ လေကြောင်းတိုက်ခိုက်မှုကို ပိုမိုခံနေကြရသည်။
ကရင်နီပြည်တွင် လက်ရှိအာဏာသိမ်းကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ၅၂၇ ကြိမ်ရှိခဲ့ပြီးထိုသို့တိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြောင့် စစ်ရှောင်နှင့် အရပ်သားပြည်သူ ၅၀၁ ဦး သေဆုံးထားသည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ယခု ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ထားသည်။
လက်ရှိအာဏာသိမ်းကာလအတွင်း၌ ခုခံစစ်အားကောင်းသည့် ကရင်နီပြည်နယ်အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက စတင် ပြုလုပ်ခဲ့ရာ ယခုနှစ်အတွင်း၌ လေကြောင်းတိုက်ခိုက်မှုများကို ပိုမို လုပ်ဆောင်လာသည်။
ပုံစာ–ယခုဇူလိုင်လ ၄ ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်နေရာ တစ်ခု၌ ပျက်စီးခဲ့မှုများ။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1431
YouTube -> https://youtu.be/9ijGcDu-6fE
Website -> https://thanlwinkhet.com/?p=5096
Website ->https://eng.thanlwinkhet.net