PDF စွပ်စွဲချက်နဲ့ ရွာငံ ဒေသခံ ၁၀ ဦးကို စစ်ကြောင်းထိုးဖမ်း
***********
ဇူလိုင် ၆ ၊ ၂၀၂၃။
သံလွင်ခက်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်PDF များဆိုသည့် စွပ်စွဲချက်ဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ရှိ ဒေသခံ၁၀ ဦးကို စစ်ကောင်စီတပ်က ဇွန်လ ၃၀ ရက်တွင် စစ်ကြောင်းထိုးဖမ်းဆီးသွားသည်ဟု ဒေသခံများထံက သိရသည်။
ဖမ်းဆီးခံရသည့် ၁၀ ဦးသည် ရွာငံမြို့နယ် နန်းခုံရွာနှင့် လွှစင်ဒေသတွင် နေထိုင်သည့်ဒေသခံများဖြစ်သည်ဟုသံလွင်ခက်က ဆက်သွယ်ရရှိသည့် ဒေသခံများက အခိုင်အမာပြောသည်။
နန်းခုံရွာဒေသခံတစ်ဦးက “ဒေသခံတွေကို မကြာခဏဖမ်းလေ့ရှိတယ်။ ဘာကြောင့် ဖမ်းလဲဆိုတာကိုလည်းအကြောင်းပြချက်မပေးဘူး။ သူတို့ထင်ရာစွပ်စွဲပြီး ဖမ်းဖမ်းသွားတာ၊အခုလည်းစစ်ကြောင်းနဲ့လာပြီး မသင်္ကာလို့ဖမ်းသွားတာ”ဟု ပြောသည်။
ဖမ်းဆီးခံခဲ့ရသည့် ဒေသခံ ၁၀ ဦးတွင် အမျိုးသမီး ၃ ဦးအနည်းဆုံးပါဝင်ပြီး လူငယ်များမဟုတ်ဘဲ အသက် ၃၀အထက် လူလတ်ပိုင်းများ ဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
ဖမ်းဆီးသွားပြီး ၂ ရက်အကြာတွင် ဖမ်းဆီးခံထားရသည့် ၁၀ ဦးထဲမှ တစ်ဦး စစ်ဆေးမေးမြန်းစဉ် သေဆုံးသွားသည်ဟု ဒေသခံများထံက သိရသည်။
သေဆုံးသွားသည့် အမျိုးသားသည် လွှစင်ရွာခံ အမျိုးသားဖြစ်ပြီး ၄င်း၏ ရုပ်အလောင်းကို မိသားစုဝင်များကပြန်လည်တောင်းယူခဲ့သော်လည်း မရရှိခဲ့ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သံလွင်ခက်သတင်းဌာနက ကောက်ယူထားသည့် အချက်အလက်များအရ ၂၀၂၃ခုနှစ် မတ်လ ၉ ရက်နေ့မှ ယနေ့ထိ ရွာငံမြို့နယ်၊မြက်ခါးအင်း၊ လွှစင်၊ ကျောက်ပချုပ်၊ နန်းခုံ၊ နွားဘန်းကြီးဒေသများမှ ဖမ်းဆီးခံရသူ ၆၂ ယောက်ရှိပြီး ၂ ဦး စစ်ကြောရေးတွင် သေဆုံးခဲ့သည်။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1579
YouTube -> https://youtu.be/brzvB8yWGSw
Website -> https://thanlwinkhet.com/?p=5164
Website ->https://eng.thanlwinkhet.net