ကောင်းချစ်အောင်
ဩဂုတ် ၁၂၊ ၂၀၂၃။
မုံရွာမြို့ပေါ်တွင် ဓားပြတိုက်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးကို သတ်ခဲ့သည့်သူများအား အမြင့်ဆုံးသေဒဏ်အထိချမှတ်ပေးရန် မြို့ပေါ်တက်ကြွလှုပ်ရှားသူများက တောင်းဆိုထားသည်။
မုံရွာမြို့၊ ထန်းတောအင်းဖြတ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးကို အမျိုးသား ၇ ဦးပါသည့်အဖွဲ့က ဓားပြဝင်တိုက်ပြီး မီးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကျူးလွန်သူများသည် Monywa Force ဟုအမည်ရသည့် မြို့ပြပြောက်ကျားအဖွဲ့မှဖြစ်ပြီး Guardian Force အဖွဲ့မှ နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထိန်းသိမ်းထားပြီး သက်ဆိုင်ရာအဆင့်အဆင့်အတိုင်းစစ်ဆေးသွားမည်ဟု ဆိုသည်။
တော်လှန်ရေးကို ပုံဖျက်သည့်အပြင်ရက်ရက်စက်စက် ကျူးလွန်သွားသူများကို ရက်လည်မတိုင်မီ သေဒဏ်ချမှတ်ပေးရန် တောင်းဆိုသည်ဟု နီးစပ်သည့် မြို့ပေါ်လှုပ်ရှားသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“အချိန်မဆွဲဖို့ ရက်လည်မတိုင်ခင် မြန်မြန်ပြစ်ဒဏ်သတ်မှတ်ပေးပါ ။ စကစ ဖက်ကလူလိုလို PDF လိုလို အယောင်မှားလုပ်သွားကြတယ်။ အဲ့အတွက် သေဒဏ်ကျရမယ် ။ ကလေးမျက်နှာနဲ့ သေဆုံးသူမျက်နှာကိုထောက်ပြီးတော့ ရဲရဲဝံ့ဝံ့သေမိန့်ချပေးပါ“ဟု ၎င်းကဆိုသည်။
သေဒဏ်ချမှတ်ပေးရန်တောင်းဆိုမှုတစ်ရပ်ကို ဆိုရှယ်မီဒီယာပေါ်တွင် ပြုလုပ်သွားမည်ဟုလည်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။
သေဆုံးသူအမျိုးသမီးဖြစ်သူ၏နာရေးကို ယနေ့နေ့လည်ပိုင်းတွင် မိသားစုနှင့်အတူ မြို့ခံများက လိုက်ပါပို့ဆောင်ခဲ့ပြီး ရက်လည်ကို လာမည့်ဩဂုတ် ၁၄ရက်တွင် ပြုလုပ်မည်ဟု သိရသည်။
ပုံစာ–သတ်ဖြတ်ခံရသူအမျိုးသမီး၏နာရေးမြင်ကွင်း။
******************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1756
YouTube- > https://youtu.be/Pbe2cix7VKg
Website -> https://thanlwinkhet.com/?p=5261
Website ->https://eng.thanlwinkhet.net