သံလွင်ခက်
သြဂုတ် ၁၉ ၊ ၂၀၂၃ ။
PDF နှင့်ပူးပေါင်းတပ်များက ပုသိမ်–မုံရွာလမ်းပေါ်ရှိ မင်းတုန်းတံတား(ကန်လည်တံတား) စစ်ဆေးရေးဂိတ်နှင့်(၅) မိုင် ဂိတ် စစ်ဆေးရေးဂိတ်တို့ကို တစ်နာရီကျော် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့သည်ဟု ယနေ့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ၊ သရက်ခရိုင်ကွပ်ကဲမှုဖြင့် သရက်ခရိုင်တပ်ရင်း (၄)၊ကျောင်းသားလက်ရုံး တပ်တော် (Student Armed Force-SAF)နှင့် လွတ်မြောက်ရေး အင်အားစုစစ်သည်တော်များတပ်ဖွဲ့ (Warriors of Liberation Force-WOLF) တို့ ပူးပေါင်း၍ ပြီးခဲ့သည့်ရက်ပိုင်း သြဂုတ်လ ၁၅ရက်၊ညနေ၄နာရီခန့်တွင် စစ်ကောင်စီဂိတ်စခန်း နှစ်ခုကိုတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား၂၅ဦးကျော်ဖြင့် တပ်စွဲထားသည့် မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ဗူးတောင်းကျေးရွာအနီး ပုသိမ်–မုံရွာလမ်းပေါ်ရှိ မင်းတုန်းတံတား(ကန်လည်တံတား) စစ်ဆေးရေးဂိတ်နှင့် ၅မိုင် ဂိတ်စစ်ဆေးရေးဂိတ်တို့ကို ပူးပေါင်းတပ်များက တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း၌ အချိန်တစ်နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၇ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု NUGက ထုတ်ပြန်ထားသည်။
ပုံစာ–ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် ပူးပေါင်းတပ်များ ။
****************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1804
YouTube- > https://youtu.be/EQxNHj_FY94
Website -> https://thanlwinkhet.com/?p=5315
Website ->https://eng.thanlwinkhet.net