Saw Smith
စက်တင်ဘာ ၂၅၊ ၂၀၂၃။
စစ်ကောင်စီတပ်စစ်ကြောင်း ထိုးလာမှုကြောင့် ယနေ့ညပိုင်းတွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ပြည်သူများညတွင်းချင်းထွက်ပြေးတိမ်းရှောင်နေကြရသည်။
ညောင်လှ လက်ယက်ကုန်းကျေးရွာများအပါအဝင် ဒီပဲယင်းနယ် အရှေ့ခြမ်းနှင့် ရေဦးတောင်ခြမ်းကျေးရွာများရှိပြည်သူ ၁၀၀၀၀ ကျော်တို့သည် ယနေ့မနက်က ကြိုတင် စစ်ဘေးတိမ်းရှောင်နေကြရာမှ စစ်ကြောင်းဆက်လက်ထိုးလာမှုကြောင့် ညတွင်းချင်း ထပ်မံ ရှောင်တိမ်းနေရခြင်းဖြစ်သည်။
“ညဘက်က တချို့တစ်ဝက် ထပ်ပြေးရတာ။ တချို့ကျ မနက်ကတည်းက ဝေးရာ ရှောင်နေကြတာ။ သွားရ လာရတာ အဆင်ပြေ မပြေအပေါ်မူတည်ကြတယ်” ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့တာဝန်ရှိသူကပြောသည်။
ယနေ့ စက်တင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းတွင် ရေဦးမြို့ တိုင်းရင်းဆေးရုံမှ အင်အား ၁၅၀ ကျော်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းသည် ရေဦး ဒီပဲယင်းနယ်စပ် ရွာသာလေး၊ မူးသာကုန်း၊ ဆည်ကြီး စသည့်ကျေးရွာများသို့စစ်ကြောင်းထိုးခဲ့သည်။
ထို့နောက် အဆိုပါစစ်ကြောင်းသည် အခုညပိုင်း၌ ဒီပဲယင်းနယ်အရှေ့ခြမ်း လက်ယက်ကုန်းကျေးရွာသို့လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်လာကာ စစ်ကြောင်းထိုးလာမှုကြောင့် လက်ယက်ကုန်းကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံများ ရှောင်တိမ်းနေရခြင်းဖြစ်သည်။
“စစ်ကြောင်းလာရင်တော့ ပြည်သူကတော့ အမြဲတမ်း ပြေးနေရတာပဲ။ အဖမ်းခံရရင် မလွယ်ဘူးလေ။ နောက်ပြီးလက်နက်ကြီး လေကြောင်းကနေပစ်ခတ်မှာလည်း ကြောက်ရဆိုတော့ ပြည်သူကတော့ တိုက်ပွဲမဖြစ်လည်းစစ်ကြောင်းလာရင် ရှောင်ရတာပဲ” ဟု စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။
ပြည်သူများ ညအချိန်မတော် ထွက်မပြေးရစေရန် ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ခုခံ၊ဟန့်တားနိုင်ခြင်း မရှိသေးဘဲ သတင်းကြိုပေးမှုမျိုးများကိုသာ အဓိကလုပ်ဆောင်နိုင်ကြသည်ဟု သိရသည်။
“ကျနော်တို့ဘက်က နယ်မြေအနေအထားနဲ့ စစ်ကောင်စီတပ်အင်အားအများအပြား သုံးတဲ့အခါ ကာကွယ်ရေးအဖွဲ့တွေအတွက်လည်း အခက်အခဲ ရှိနိုင်မယ် ထင်တယ်ဗျ။ အခုကလည်း သူတို့တွေကြောင့် ပြည်သူတွေ သတင်းရပြီးကြိုတင်ရှောင်ရှားနိုင်ကြတာပါ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းသည် စစ်ကောင်စီတပ်များကို ၂၀၂၁ ခုနှစ် မတ်လကုန်ပိုင်းကတည်း စတင်တော်လှန်နေခဲ့သော်လည်း လက်ရှိ နှစ်နှစ်ခွဲရှိလာသည်အထိ ပြည်သူ့ကာကွယ်ရေးတပ်များမှာ လက်နက်အင်အား မပြည့်စုံမှုများနှင့် ကြုံနေကြရဆဲဖြစ်သည်။
ပြီးခဲ့သော ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၌ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တိုးခဲ့သောကာကွယ်ရေးရဲဘော်များသည် လက်လုပ်သေနတ်များသာရှိသည့်အတွက် ကောင်းကောင်း ခုခံနိုင်ခဲ့ခြင်း မရှိဘဲ ၂၅ဦးအထိ အသက်ဆုံးရှုံးခဲ့ရသည်။
ထို့သို့ လက်နက်အင်အား မလုံလောက်သည့် အခြေအနေများကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူများသည်လွန်ခဲ့သည့် နှစ်နှစ်ကျော်က အချိန်ကာလများအတိုင်း စစ်ကြောင်းလာလျှင် ညအချိန်တော် ထွက်ပြေးနေကြရဆဲဖြစ်နေသည်။
ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့တာဝန်ရှိသူက “စစ်ကြောင်းအခြေအနေက ရက်ကြာကြာထိုးရင် ပြည်သူက ပိုခက်ခဲတယ်ဗျ။ အဓိကကတော့ စားနပ်ရိက္ခာပါပဲ” ဟု ပြောသည်။
လတ်တလော စစ်ဘေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်များအတွက် အရေးပေါ် စားနပ်ရိက္ခာများ ကူညီထောက်ပံ့နိုင်ရန် ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ကူညီဆောင်ရွက်ပေးနေသည်။
နီးစပ်ရာ ကျေးရွာများနှင့် အလှူရှင်များအနေဖြင့် စစ်ဘေးရှောင်များအား ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြရန်လည်း အဆိုပါအဖွဲ့က မေတ္တာရပ်ခံထားသည်။
ပုံစာ– ယနေ့ည တိမ်းရှောင်နေရသော ဒီပဲယင်းနယ် အရှေ့ခြမ်းကျေးရွာများမှ ပြည်သူများ။
ဓာတ်ပုံ–ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2039
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.com/?p=5706