စစ်သင်္ဘောနစ်မြုပ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော်သေဆုံးနိုင်ပြီး အသက်မသေဘဲရေကူး လွတ်မြောက်
လာသူများကို AA ကယ်တင်
******************************
Saw Smith
ဖေဖော်ဝါရီ ၁၂ ၊ ၂၀၂၄ ။
စစ်ကောင်စီ၏ စစ်သင်္ဘော ၂ စီး၊ ဇက်သင်္ဘော ၁ စီးတို့ကို ရက္ခိုင့်တပ်တော် AA က ရေထဲနစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည့် ဖြစ်စဥ်၌ အသက်မသေဘဲရေကူးလွတ်မြောက်လာသူများစွာတို့အား ကယ်တင်နိုင်ခဲ့သည်ဟု AA က ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည် ။
ပြီးခဲ့သည့်ရက်ပိုင်း ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ ရက်တို့တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ စစ်သင်္ဘော ၃ စီးကို AAက တိုက်ခိုက်ခဲ့သည် ။
AA ၏ ဗျူဟာမြောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ စစ်သင်္ဘော ၃ စီးစလုံးသည် ချက်ကောင်းကိုထိ၍ အထိနာခဲ့သည်။
သင်္ဘောများ စင်းလုံးပြတ် နစ်မြုပ်ရန် ဖြစ်နေသော အချိန်တွင် လက်နက်ချ အညံ့ခံရန်၊ အလံဖြူထောင်ရန် လော်စပီကာများဖြင့် ၃ကြိမ်တိုင် ပြောကြားခဲ့သော်လည်း နားထောင်ခြင်းမရှိဘဲ စစ်ကောင်စီတပ်က တန်ပြန်ခုခံတိုက်ခိုက်နေသေးသည့်အပြင် လေကြောင်းမှလည်း ဒရော့ဗုံးများဖြင့် အပြင်းအထန်ခုခံကာကွယ်ရန် ကြိုးစားသည့် လုပ်ရပ်ကိုသာ ပြုလုပ်ခဲ့သည်။
အဆိုပါသင်္ဘော ၃ စီးပေါ်တွင် လိုက်ပါလာသောသူများ အသက်ချမ်းသာရာရရှိမည့် အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန်နာရီဝက် (မိနစ် ၃၀) ထပ်ပေးသည့်အချိန်တွင်လည်း ရန်သူသည် မိမိတို့အား ဒရော့ဗုံးများဖြင့် စုပြုံပစ် လာရောက်တိုက်ခိုက်နေခဲ့သောကြောင့် မိမိတို့တပ်ဖွဲ့ဝင် ၁၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူအချို့ရှိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည် ။
ထို့ပြင် လက်နက်ချအညံ့ခံရန် ပြောကြားသည်ကို နားထောင်ခဲ့ပါက သင်္ဘောပေါ်ပါလာသောသူများမှာ အသက်ချမ်းသာခွင့် ရရှိကြမည်ဖြစ်သည်ဟု
ဆိုသည် ။
” သင်္ဘော ၃ စီးမှာဆို ၇၀၀ ကျော်လောက်သေတယ်လို့သိရတယ် ။ အဲမှာအနေကြာတဲ့ တပ်ဖွဲ့ဝင်တချို့ဘဲ ရေကူးတတ်ပြီး လွတ်နိုင်မယ် ။ ရေမကူးတတ်တဲ့သူတွေ အကုန်သေကြတယ် ” ဟု စစ်ကောင်စီရေတပ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီရေတပ်မှ CDM ပြုလုပ်လာသည့် တပ်သားတစ်ဦးကလည်း နစ်မြုပ်သွားသည့် သင်္ဘောများတွင်စစ်ရေးပြင်းထန်နေချိန်၌လူအင်အားများ ဖြည့်ထားမည်ဖြစ်သောကြောင့် သင်္ဘောတစ်စီးထဲပင်လျှင် အင်အား ရာချီပါနိုင်ပြီး တိုက်ခိုက်ခံထားရသည့်အခြေအနေတွင် အများစုရေကူးလွတ်မြောက်နိုင်မည်မဟုတ်ဟု ပြောဆိုသည် ။
အဆိုပါဖြစ်စဉ်၌ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူများစွာတို့အား မိမိတို့မှ ကယ်တင်ထားနိုင်ခဲ့ကြောင်းနှင့် ဤကဲ့သို့ ကယ်တင်ရာတွင် အာရက္ခစစ်သည်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု AA က ထုတ်ပြန်ထားသည် ။
ထိုဖြစ်စဥ်၌ သင်္ဘော ၃ စီးအား ကယ်တင်ရန်ထပ်မံ၍ လာခဲ့သော အခြားသော စစ်သင်္ဘော (၄) စီးကိုလည်း အနားကပ်၍ မရနိုင်အောင် လမ်းခုလတ်၌ပင် တိုက်ခိုက်နိုင်ခဲ့ရာ အထိနာခဲ့ကြောင်းနှင့် ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ဖေဖော်ဝါရီလ (၈) ရက်နေ့သည် အာရက္ခ ရေပြင်ထက်တွင် ရန်သူ့သင်္ဘောများအား အလဲထိုးပြီး အောင်ပွဲရယူနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ခဲ့သည်ဟု
ထုတ်ပြန်ချက်၌ ဖော်ပြထားသည် ။
“ စကစကို သူတို့ လိုချင်တဲ့ နေရာပွိုင့်ကနေ
မျှားခေါ်ပြီး တိုက်တယ် ။ ပေါက်တော
တစ်ခုတည်းမှာတင် အများကြီးပဲ စစ်တွေဆို စစ်သား
မရှိသလောက် ဖြစ်သွားပြီ ” ဟု ရခိုင်ပြည်နယ် စစ်ရေးအခြေအနေကို အနီးကပ်စောင့်ကြည့်နေသူ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးကပြောသည် ။
စစ်သင်္ဘော ၃ စီးနစ်မြုပ်မှုမှ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသူများကို ရက္ခိုင့်တပ်တော် AA က ကယ်တင်ခဲ့သည့်ပြင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချရန်ကိုလည်း AA ကသတိပေးထားသည် ။
ထိုးစစ်များမတိုင်မီ စောစောစီးစီးလက်နက်ချသူများကို ရက္ခိုင့်တပ်တော် AA က ကောင်းမွန်စွာ ထိန်းသိမ်းဆက်ဆံပေးသည်ဟု ရက္ခိုင့်အရေးနှင့်မြန်မာ့နိုင်ငံရေး လေ့သာသုံးသပ်သူ ကိုကျော်ဆန်းလှိုင်က ပြောသည်။
” လက်နက်ချတဲ့သူဆို သူတို့က သေသေချာချာလုပ်ပေးတယ် ။ မင်းပြားမှာ ၂၀၀ လောက် လက်နက်ချတယ် ။ ကျောက်တော်မှာ ၅၀၀ လောက်လက်နက်ချတယ် ။ သူတို့က အဲလူတွေကို သေသေချာချာလုပ်ပေးတယ် ” ဟု ၎င်းက ပြောသည် ။
ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော ထိုးစစ်များ၌ ထိုးစစ်မစမီကပင် မိမိတို့သည် စစ်ကောင်စီ၏ တပ်စခန်းတိုင်းကို လက်နက်ချအညံ့ခံရန် အကြောင်းကြားလေ့ရှိသကဲ့သို့ ဤကဲ့သို့ လက်နက်ချ အညံ့ခံရန်လည်း ထုတ်ပြန်ချက်များကို အကြိမ်ကြိမ်ထုတ်ပြန်ထားပြီးဖြစ်သည်ဟု AA က ဆိုသည်။
ထို့ပြင် လက်နက်ချအညံ့ခံသောသူများ၊ အလံဖြူထောင်သောသူများနှင့် စစ်အတွင်းဖမ်းဆီးရမိသော စစ်သုံ့ပန်းများအား မိမိတို့အနေဖြင့် နိုင်ငံတကာဥပဒေ၊ ဂျီနီဗာကွန်ဗင်းရှင်းအတိုင်း အသက်ချမ်းသာရာပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ကာ ၎င်းတို့၏ ဆန္ဒအတိုင်း အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။
ထို့အတူ လက်နက်ချအညံ့မခံသေးသော စခန်းတိုင်းကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်သည်ဟုလည်း ရက္ခိုင့်တပ်တော်AA က သတိပေးထုတ်ပြန်ထားသည်။
ရက္ခိုင့်တပ်တော်AAသည် ရခိုင်ပြည်နယ် စစ်ဆင်ရေးအဖြစ် ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သော နိုဝင်ဘာ ၁၃ ရက်မှ စတင်၍ နေ့စဥ် ထိုးစစ်ဆင်တိုက်ခိုက်နေရာ ၃ လနီးပါးရှိလာပြီဖြစ်သည်။
ပုံစာ- စစ်သင်္ဘော ၃စီးနစ်မြုပ်နေမှုနှင့် AA တပ်ဖွဲ့ဝင်များအောင်ပွဲခံနေမှု ။
ဓာတ်ပုံ-AA Info Desk
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3302
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7624