စစ်ကောင်စီ ခမရ – ၃၅၅ တပ်ရင်းနဲ့ လက်နက်ခဲယမ်းတွေကို ကရင်ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်
**********************
နန်းဆုပန်ခန့်
မတ် ၈၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင် ကျေးရွာအုပ်စုရှိ ခမရ – ၃၅၅ တပ်ရင်းကို လက်နက်ခဲယမ်းများနှင့်အတူ ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
မတ်လ ၇ ရက် မနက်ပိုင်းက ကာကွယ်ရေးတပ်ဖွဲ့များ စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ်လ ၈ ရက် နံနက်ပိုင်းတွင် ခမရ – ၃၅၅ အား လက်နက်ခဲယမ်းအများအပြားနှင့်အတူ သိမ်းဆည်းရရှိခဲ့သည်ဟု မြေပြင်ရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “သေနတ် ၈၀ ကျော် ရတယ်၊ အတိုကြီးပဲ ၃၀ ကျော်၊ ပွိုင့် 5 ကျည်က တစ်ထောင်ကျော်၊ ပွိုင့် 5 တောင့်ရယ်၊ လက်ပစ်ဗုံး၊ 84 နောက်ပွင့်တွေရယ် အစုံပဲ၊ ပွိုင့် 5 တော့ မရဘူး” ဟု ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် PDF ပူးပေါင်းတပ်တို့ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ခမရ – ၃၅၅ တပ်ရင်းသည် သင်္ဃန်းညီနောင် ကျေးရွာအုပ်စုအတွင်း၌ ရှိသော ခမရ – ၃၅၅၊ ၃၅၆၊ ၃၅၇ တို့အနက် အမြင့်ဆုံး တပ်ရင်းစခန်းတစ်ခုဖြစ်သည်ဟုလည်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။
တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီဘက်မှ လေကြောင်း အကြိမ် ၂၀ ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့ပြီး ခလရ – ၂၇၅ မှလည်း လက်နက်ကြီးပစ်ကူပေးနေသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် ကင်းထောက်လေယာဉ်များဖြင့်လည်းကောင်း၊ တိုက်လေယာဉ်များဖြင့်လည်းကောင်း လေယာဉ်တစ်ကြိမ်လာလျှင် ဗုံးသီး ၁၀ လုံးထက် မနည်းကြဲချခဲ့သည်ဟုလည်း သိရသည်။
လေကြောင်းသုံးတိုက်ခိုက်နေသည့် စစ်ကောင်စီတပ်သည် စစ်ပွဲနယ်မြေမဟုတ်သည့် အရပ်သားများနေထိုင်ရာ နေအိမ်အပြင် ဘိုးဘွားရိပ်သာများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင့် အရပ်သားများ၊ သက်ကြီးရွယ်အိုများ ထိခိုက်သေဆုံးမှုများလည်းရှိနေသည်။
သင်္ဃန်းညီနောင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များဘက်မှ အကျအဆုံးများပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သော်လည်း အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ကျည်ကာဦးထုပ်နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသည်ဟု ရဲဘော်တစ်ဦးက ဆိုသည်၊
“ကျွန်တော်တို့က ကျည်ကာဦးထုပ်၊ ကျည်ကာအင်္ကျီတွေ လိုတယ်။ အဲဒါမှလည်း ကျွန်တော်တို့ အထိအခိုက် နည်းမှာ၊ ပြီးတော့အဓိကက ကျည်ဆန်တွေ ပိုလိုအပ်တာပေါ့၊ နောက်ပြီးတော့ အခုက အရမ်းပူတဲ့ အချိန်ဆိုတော့ ဓါတ်ဆားရေတွေလည်း လိုတယ်၊ ရိက္ခာတွေလည်း လိုတယ်” ဟု ၎င်းကဆိုသည်။
ဓါတ်ပုံ – တော်လှန်ရေးရဲဘော်များ
ပုံစာ – ခမရ – ၃၅၅ တပ်ရင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည့် မြင်ကွင်း။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3676
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=8204