ကရင်လက်နက်ကိုင်သုံးဖွဲ့ ပူးပေါင်း၍ ဝေါလေ ထီးကပလယ်စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ
*********
သံလွင်ခက်
မတ် ၂၇၊ ၂၀၂၄။
ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ တပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့တောင်ပိုင်း ကော့ကရိတ်မြို့နယ် ဝေါလေဒေသရှိ စစ်ကောင်စီထီးကပလယ်တပ်စခန်းအား ကော်သူးလေတပ်မတော် – KTLA ပူးပေါင်းတပ်ဖွဲ့ဝင်များက စခန်းသိမ်းတိုက်ပွဲဖော်ဆောင်လျက်ရှိပြီး လက်ရှိတွင် တိုက်ပွဲပြင်းထန်လျက်ရှိသည်။
အဆိုပါ ထီးကပလယ်စခန်းအား ပြီးခဲ့သည့် မတ်လ ၁၂ ရက်ကစပြီး KTLA ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ သည်မှာ ယနေ့အချိန်အထိ ၁၅ ရက် ကြာမြင့်ပြီ ဖြစ် သည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့်လာရောက်ပစ်ခတ်မှုများရှိသည့်အပြင် ဝေါလေဗျူဟာကုန်းကနေ လက်နက်ကြီးများဖြင့် ပစ် ခတ်မှုလည်းရှိသည်ဟု KTLA သတင်းနှင့် ပြန်ကြားရေးအဖွဲ့ထံက သိရသည်။
KTLA သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ ၁ ဦးက ” လေယာဉ် ပစ်ကူ ၂ ရက် လာတယ်။ ပထမတစ်ရက်မှာ နှစ်ကြိမ်ပစ်တယ်။ ဒုတိယတစ်ရက်မှာ သုံးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်တယ်။ စစ်ကောင်စီက ဒုတိယနေ့မှာ ပေါင် ၅၀၀ အားဗုံးတွေ သုံးတယ် ” ဟုဆိုသည်။
စခန်းသိမ်းတိုက်ပွဲကာလအတွင်း ကော်သူးလေတပ်မတော် ပူးပေါင်းတပ်ဖွဲ့ဝင်များက စခန်းကုန်းပေါ်ထိ တက်ရောက်တိုက်ပွဲဆင်နွှဲနိုင်ခဲ့သော်လည်း ဝေါလေဗျူဟာကုန်းတွင်အထိုင်ချထားသော တပ်ဖွဲ့ဝင်များက ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်ကြီးဖြင့် ပစ်ကူပေးနေခြင်း၊ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ပြုလုပ်ခဲ့ခြင်းများကြောင့် အပြီးသတ်သိမ်းပိုက်နိုင်ရန် ခက်ခဲသော အနေအထား၌ ရှိနေဆဲဖြစ်သည်ဟု ပူးပေါင်းတပ်ဖွဲဝင်များထံက သိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအား ကော်သူးလေတပ်မတော်က Black Rainbow တပ်ရင်း၊ Tiger တပ်ရင်း၊ ကဆောဝါးတပ်ရင်း၊ KTLA အထူးကွန်မန်ဒို တပ်ရင်း ၊ Karen Special Black Forces တပ်ရင်း၊ ဗဟိုဌာနချုပ် ဗျူဟာစစ်ကြောင်း ၂ ကြောင်းနှင့် KNLA ၁၀၃ တပ်ရင်း၊ DKBA ခွဲထွက်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။
ထို့ပြင် ယခုမတ်လအတွင်း KNU၊ တပ်မဟာ ၆ နယ်မြေရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သော ခမရ-၃၅၅ ၊ ခမရ – ၃၅၅ အနီးရှိ တာဝါတိုင်ကုန်း၊ ခမရ – ၃၅၆ ၊ သင်္ဃန်းညီနောင်ရဲစခန်း၊ ဖလူးစခန်း၊ ကျိုက်ဒုံဗျူဟာကုန်း၊ မဲသရောထစခန်းနှင့် ရေတလျောက်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF နှင့် ကာကွယ်ရေးပူး ပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
************
Telegram– > https://t.me/newstlk/4018
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8715