ရခိုင်တွင် တိုက်ပွဲမရှိသည့်နေရာများကိုပင် စစ်ကောင်စီလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
******
ခင်သရဖီဦး
မတ် ၃၀၊ ၂၀၂၄။
ရခိုင်ပြည်နယ်စစ်မျက်နှာပြင်တွင် အရေးနိမ့်နေသည့် စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော် – AA သိမ်းပိုက်ထား သောမြို့နယ်များအား ဂျက်ဖိုက်တာများဖြင့် နေ့စဉ်နီးပါးဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်တွင်လက်လွတ်ခဲ့ရသည့် မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းတို့အား လက်နက်ကြီးများဖြင့်လှမ်းပစ်ခြင်း၊ လေယာဉ်ဖြင့်ဗုံးကြဲတိုက် ခိုက်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။
ယမန်နေ့ မတ်လ ၂၉ ရက်တွင်လည်း AA သိမ်းပိုက်ထားသည့် မင်းပြားမြို့နယ်ရှိ သေကန်၊ ဘိတ်တောင်၊ သောင်း ခုန်မော်ကျေးရွာများအား ဂျက်ဖိုက်တာ ၁ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့သည့်အတွက် လူနေအိမ်၊ ဘုန်းကြီးကျောင်း များ အပါအဝင် အဆောက်အအုံ ၂၅ လုံးဝန်းကျင်ပျက်စီးသွားပြီး ဆရာတော်အပါအဝင် လူ ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ဒေသခံအမျိုးသမီး ၁ ဦးက “မနေ့ည ၁၁ နာရီအတိမှာ ဂျက်နဲ့ ၂ ကြိမ် အရင်လာချတယ်။ နောက် ၃ မိနစ်လောက် ပတ်နေပြီးတော့ ဆက်တိုက်ဆိုသလို ၇ ကြိမ်ပစ်ချခဲ့တယ်” ဟု ဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းများဖြင့်တိုက်ခိုက်နေသည့်အတွက် အဆိုပါ ကျေးရွာများ ကဒေသခံများဘေးလွတ်ရာသို့ရွှေ့ပြောင်းနေကြရသည်။
စစ်ကောင်စီတပ်သည် သေကန်ကျေးရွာအား ယခုတစ်ကြိမ်ဆိုလျှင် ဂျက်ဖိုက်တာဖြင့်လာရောက်ပစ်ခတ်သည်မှာ ၄ ကြိမ်မြောက်ဖြစ်သည်ဟု ဒေသခံများထံကသိရသည်။
ထို့အပြင် မတ်လ ၂၉ ရက် ၁ နာရီကျော်ခန့်တွင်လည်း စစ်ကောင်စီရေယာဉ် ( နေဗီ ) ကနေပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ရွာသား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်အနေဖြင့် ရေယာဉ် ( နေဗီ ကနေ၍ ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့များကိုလည်း လက်နက်ကြီး များဖြင့် နေ့စဉ်နီးပါးပစ်ခတ်နေပြီး ရေယာဉ် ( နေဗီ ) လက်လှမ်းမမီသည့်နေရာများကိုတော့ လေကြောင်းဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။
စစ်ရှုံးနေသည့်စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်အတွင်း ၎င်းတို့လက်လွတ်ဆုံးရှုံးခဲ့ရသည့် မြို့များအား ပြန် လည်ရယူနိုင်ရန်က မလွယ်သည့်အပြင် ကျန်သည့်နေရာများကိုလည်း ဆုံးရှုံးနိုင်သည့်အတွက် ယခုကဲ့သို့ ရှုံးမဲမဲပြီး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပေါက်တောဒေသခံလူငယ် ၁ ဦးက ဆိုသည်။
၄င်းက ” အကြမ်းဖက်စစ်တပ်က သူတို့လက်လွတ်လိုက်ရတဲ့နေရာတွေကို နေ့စဉ်လိုလို လာပစ်နေတာရှိတယ်။ သူတို့ပစ်လိုက်တဲ့နေရာတွေကို ကြည့်လိုက်ရင် စစ်ဘက်နဲ့ လုံးဝသက်ဆိုင်မှုမရှိတဲ့ ဆေးရုံ၊ ဆေးခန်း၊ စာသင် ကျောင်းတွေ၊ တခြားစစ်ရှောင်တွေ အစုလိုက်နေထိုင်တဲ့နေရာတွေကို ပစ်နေတာ။ ဒါကို ဘာကြောင့်လုပ်လဲ ဆိုတော့ ရှုံးမဲမဲပြီးတော့ သူတို့မှာ တခြားလုပ်စရာမရှိဘူး။ ပြည်သူတွေကိုသာ အနိုင်ကျင့်လို့ရတဲ့အနေအထားမှာ ပြည်သူတွေကိုပဲ ဒုက္ခပေးနေတာဖြစ်တယ်” ဟုဆိုသည်။
စစ်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများအား ယခုကဲ့သို့ ပစ်ခတ်နေသော စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုး ဖောက်မှုများအား နိုင်ငံတကာကသိရှိနိုင်ရန် ဒေသတွင်းအဖွဲ့အစည်းများအနေဖြင့် စနစ်တကျအချက်အလက် ကောက်ယူကာ မှတ်တမ်းတင်ထားသင့်ပြီး ယခုကဲ့သို့ လုပ်ဆောင်ချက်များကိုလည်း ရှုတ်ချသည်ဟု ပေါက်တော ဒေသခံလူငယ် ၁ ဦးက ဆက်လက်ပြောဆိုသည်။
ဘူးသီးတောင်၊ မောင်တော၊ အမ်းမြို့များတွင်လည်း စစ်ကောင်စီတပ်နှင့် AA တို့ကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
ဓာတ်ပုံ – Ma Myint Htay
ပုံစာ – လေကြောင်းတိုက်ခိုက်ခံရသည့် သေကန်ကျေးရွာ။
************
Telegram– > https://t.me/newstlk/4071
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8813