၂၄ နာရီအတွင်းက မြဝတီအမှတ် ၂ တံတား တိုက်ပွဲ
******
မနေ့က ဧပြီလ ၁၉ ရက်က စတင်ခဲ့တဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၂ တံတားတိုက်ပွဲဟာ လက်ရှိအချိန်ထိလည်း တိုက်ပွဲတွေပြင်းထန်နေဆဲပါ။
အမှတ် ၂၇၅ တပ်ရင်းကနေ ထွက်ပြေးလာခဲ့တဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို KNLA၊ PDF အပါအဝင်ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တာကတဆင့် တိုက်ပွဲတွေ စတင်ခဲ့ပါတယ်။
စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုကို နာရီနဲ့အမျှ ပစ်ခတ်ခဲ့တာကြောင့် တံတား ၂ အနီးက ရပ်ကွက်အချို့မှာ မီးလောင်ကျွမ်းခဲ့ပါတယ်။
“မနေ့ညကတည်းက ဒရုန်းနဲ့ပစ်တာ၊ လက်နက်ငယ်နဲ့ပစ်တော့ မီးတွေပိတ်ပြီး အိမ်ထဲငြိမ်နေရတယ်။ ခုမနက် လေယာဉ်လာတော့ အကုန်ဆင်းပြေးရတာ ရပ်ကွက်ထဲ လူအကုန်ပဲ” လို့ တံတား ၂ အနီး ရွှေစည်းစိမ်ဆိုင်အနောက်ရပ်ကွက်နေ ကိုသန်းထွေးက ပြောပြပါတယ်။
နေအိမ်ကို ဖောက်ထွင်းခံရမှာစိုးတဲ့ ကိုသန်းထွေးကတော့ ပစ်ခတ်သံမကြားရင် ရပ်ကွက်ထဲပြန်ကြည့်လိုက်၊ သောင်ရင်းမြစ် ကိုင်းတောအတွင်းက ကလေး၂ ဦးနဲ့ အမျိုးသမီးဆီပြေးလိုက်လုပ်နေရတာကို မြင်တွေ့ခဲ့ရပါတယ်။
ဒေသခံအများစုဟာလည်း သောင်ရင်းမြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံနယ်စပ်တွေနဲ့ မြဝတီမြို့အတွင်း စစ်ဘေးရှောင်ခဲ့ရပါပြီ။
မြဝတီ၊ ရပ်ကွက် ၅ အတွင်းရှိတဲ့ သောင်ရင်းမြစ်ကမ်းစပ်တဝိုက်က သဘာဝတရားရိပ်သာအနီးကို လေယာဉ်ဗုံးအကြဲခံရလို အဖိုးအဖွားတွေနဲ့ ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတွေကို ချီပိုးပြီး ထိုင်းဖက်ခြမ်းကို စစ်ဘေးရှောင်ခဲ့ရပါတယ်။
မြဝတီဒေသခံ ၂ ထောင်ကျော်ဟာ ထိုင်းဖက်ခြမ်းက မွေးမြူရေးခြံနဲ့ ဘုန်းတော်ကြီးကျောင်းအချို့မှာ စစ်ဘေးရှောင်နေခဲ့ရသလို မဲဆောက်မြို့တော်ဝန်ရုံးက လူသားချင်းစာနာထောက်ထားမှုအကူအညီစီစဉ်ပေးခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်ခံနေရတဲ့ ရွှေစည်းစိမ်းအနီးရပ်ကွက်၊ ရပ်ကွက်၅ အပါအဝင် တံတားနှစ်အနီးတဝိုက်က ပြည်သူတွေ တရပ်ကွက်လုံးနီးပါးစစ်ဘေးရှောင်ကြရတာဖြစ်လို့ မြို့ပေါ်ယာယီစစ်ရှောင်စခန်းတွေမှာလည်း လူပေါင်း ၁၅၀၀ ကျော်ရောက်ရှိနေပါပြီ။
သောင်ရင်းမြစ်ရဲ့ ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်ဂိတ်တွေထဲက အမှတ် ၁၂ ဂိတ်အနီးမှာတော့ ကရင့်အမျိုးသားတပ်မတော်-KNA(ယခင် ကရင်နယ်ခြားစောင့်တပ်-BGF)က လက်ခံစောင့်ရှောက်နေရာချထားတာတွေရှိပါတယ်။
“လက်ရှိမှာတော့ ပြည်သူက ၃၀၀ ကျော်သွားပြီ။ လေယာဉ်က ဆက်တိုက်လာနေတော့ ထိခိုက်မှာစိုးလို့၊ သတင်းရယူခွင့်တော့ အထက်က ခွင့်ပြုပေးမထားလို့ နားလည်ပေးပါ”လို့ လုံခြုံရေးတာဝန်ယူထားတဲ့ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိ ည ၉ နာရီအချိန်ထိ စစ်ကောင်စီဟာ လေကြောင်းကနေ အကြိမ်ကြိမ်ပစ်ခတ်နေဆဲဖြစ်တာကြောင့် ၂၄ နာရီအတွင်း ဗုံးအလုံးရေ ၁၆၀ ကျော် တံတား ၂ အနီးကျရောက် ပေါက်ကွဲခဲ့ပါတယ်။
ဓါတ်ပုံ – သံလွင်ခက်