စစ်ကောင်စီက ဝဲကြီးထောင့်ဆေးရုံအား လေကြောင်းဖြင့်တိုက်ခိုက်
****
ခင်သရဖီဦး
မေ ၁၅၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဝဲကြီးထောင့်ဆေးရုံအား စစ်ကောင်စီတပ်က ယနေ့ နံနက် ၀၀ နာရီ ၁၆ မိနစ်တွင် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အာရက္ခတပ်တော် – AA က ယနေ့ နေ့လယ် ၁ နာရီကျော် ခန့်တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီကဗုံးကြဲခဲ့သည့် ဝဲကြီးထောင့်ဆေးရုံသည် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးသွားခဲ့ပြီး ဆေးဝန် ထမ်း၊ လူနာ နှင့် လူနာစောင့်အရပ်သားပြည်သူ စုစုပေါင်း ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူအချို့ရှိခဲ့ သည်ဟုလည်း ထုတ်ပြန်ချက်ကဆိုသည်။
“၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ နံနက် ၀၀ နာရီ ၁၆ မိနစ်အချိန်တွင် ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့် ကျေးရွာရှိ “ဝဲကြီးထောင့်ဆေးရုံ” အား ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှု ကြောင့် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးသွားခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာနှင့် လူနာစောင့်အရပ်သားပြည်သူ စုစုပေါင်း ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူအချို့ရှိခဲ့သည်။ ၎င်း ၂၀ ဦးထဲတွင် အပြင်းစားဒဏ် ရာရသူ ၅ ဦးရှိခဲ့ပြီး မြင်း ၁ ကောင်လည်း သေဆုံးခဲ့သည်” ဟု ဆိုထားသည်။
စစ်ကောင်စီအနေဖြင့် ရခိုင်ဒေသ၌ စစ်ပွဲတိုင်းတွင်ရှုံးနိမ့်နေသဖြင့် အရှက်ရဒေါသထွက်နေပြီး လူမျိုးရေး မုန်းတီး ခြင်းကို အခြေခံကာ တိုက်ခိုက်နေသည်ဟု AA ကဆိုသည်။
” ရက္ခိုင်ဒေသ၌ စစ်ပွဲတိုင်းတွင်ရှုံးနိမ့်ကာ အရှက်ရဒေါသထွက်နေသော စစ်ရှုံးစစ်ကောင်စီသည် လူမျိုးရေးအမုန်း တရားများကို အခြေခံပြီး တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်ဘက်ပစ်မှတ်၊ ဆေးရုံ၊ ဈေးများကို ဦးတည်ပစ်ခတ် တိုက်ခိုက်နေခြင်းမှာ အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းပင် ဖြစ်သည်။ ထို့အတူ စစ် ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းလည်းဖြစ်သည်” ဟု ဆိုထားသည်။
စစ်ကောင်စီတပ်အနေဖြင့် ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေသည်ဟု ဒေသခံ များထံက သိရသည်။
ယနေ့ နေ့လယ် ၁ နာရီခန့်တွင်လည်း မင်းပြားမြို့ကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့်ပစ်ခတ်ခဲ့ပြီး ထိခိုက် ပျက်စီးမှုအခြေအနေများနှင့် ပတ်သက်၍ သံလွင်ခက်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
မေလ ၁၄ ရက်နှင့် ၁၅ ရက်များတွင် စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်ရှိ မင်းပြား၊ ကျောက်တော်၊ သံတွဲ၊ စသည့်နေရာများအား လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။