၄ လအတွင်း တနင်္သာရီတိုင်းက တပ်စခန်း ၈ ခုကို ပူးပေါင်းတပ် သိမ်းပိုက်နိုင်
*****
သဇင်
မေ ၁၇၊၂၀၂၄။
တနင်္သာရီတိုင်းတွင် ၂၀၂၄ ခုနှစ် ၄ လကျော်ကာလအတွင်း KNLA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်စခန်းပေါင်း ၈ ခုအထိရှိလာပြီဟု သံလွင်ခက်က ကောက်ယူထားသော စာရင်းများအရသိရသည်။
၂၀၂၄ ခုနစ်၊ ဇန်နဝါရီလ ၂၄ ရက် နေ့လယ်ပိုင်းတွင် ထားဝယ်ခရိုင်ရှိ ကျောက်ထုစစ်ဆင်ရေးခြေကုန်စခန်းအား ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ပထမဆုံးစခန်းသိမ်း တိုက်ပွဲအဖြစ် စတင်ထိုးစစ်ဆင်ခဲ့သည်။
စတင်ထိုးစစ်ဆင်ခဲ့သည့် ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် အဆိုပါကျောက်ထုစခန်းအား သိမ်းပိုက် ရရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ ၃ ဦး အရှင်ဖမ်းမိခဲ့သည်။
ကျောက်ထုစခန်းအားသိမ်းပိုက်နိုင်ခဲ့သည့် ဖြစ်စဉ်သည် တနင်္သာရီတိုင်းတွင် ပထမဆုံးအောင်ပွဲဖြစ်လာခဲ့သည်။
ကျောက်ထုစခန်းသိမ်းတိုက်ပွဲပြီးနောက် ထားဝယ်ခရိုင်ရှိ တောင်ပျောက်၊ စော်ဖျား၊ ထီးခီး၊ ဟိန္ဒားနှင့် မေတ္တာရဲစ ခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာသွားသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်ကာ အဆိုပါစခန်းများအား ရှင်းလင်းဖျက်ဆီးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရသိရသည်။
ယင်းနောက် ဖေဖော်ဝါရီ ၅ ရက်တွင် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ခမရ – ၄၀၁ နှင့် ခမရ-၄၀၂ ကပ် လျက်က မယ်ဝေးတောင်ပေါ်တွင်တပ်စွဲထားသည့် စခန်းကုန်းအား ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗထူး တပ်မတော်နှင့် ထားဝယ်စုပေါင်းစစ်ကြောင်းတို့က သိမ်းပိုက်နိုင်ခဲ့သည်။
စခန်းသို့ဝင်ရောက်ပြီး မိနစ်ပိုင်းအတွင်း စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကာ သေနတ် ၃ လက် နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်ဟု သိ ရသည်။
မတ်လအတွင်း ထားဝယ်မြို့နယ်ရှိ ရောင်းမော်ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းနှင့် သရက်ချောင်းမြို့နယ် ကျောက်ဆည်ရွာက ပျူစောထီးစခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။
ရောင်းမော်ရွာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ရဟတ်ယာဥ်အသုံးပြုကာ ၃ ကြိမ်တိုင်တိုင် ပြန်လည် ခုခံခဲ့သည့်အတွက် တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁ – T1 က ရဲဘော် ၁ ဦး ကျဆုံးခဲ့သည်။
ဧပြီလ ၁၅ ရက် မနက်ပိုင်းကလည်း ထိုင်း – မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းတည်ရှိရာ ထီးခီးအနီးက ကမာ ပလောစခန်းရှိ ခလရ ၁၀၃ က တပ်ဖွဲ့ဝင်များသည် တော်လှန်ရေးပူးပေါင်းအဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်ခဲ့သည့် အတွက် တပ်ဖွဲ့ဝင် ၅၀ ဦးခန့် လက်နက်ချအညံ့ခံခဲ့သည်။ အဆိုပါ အရေအတွက်သည် တပ်စခန်းတစ်ခုရှိ အရေအတွက်ဖြစ်သည်။
ဧပြီလ ၂၆ ရက်တွင်လည်း ထားဝယ်ခရိုင်ရှိ မောထတပ်စခန်းကို KNLA နှင့် ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
မောထစခန်းသည် ထိုင်းနယ်စပ်နှင့်နီးပြီး ထားဝယ်မြို့နယ်တွင် ဒုတိယမြောက်သိမ်းပိုက်ခံရသော စခန်းဖြစ်သည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ၏အရေးပါသောတပ်စခန်းနှင့် စခန်းကုန်းများကို သိမ်းပိုက်လာ နိုင်သည့်နောက်တွင် စစ်ကောင်စီတပ်ကလည်း ၎င်းတို့စခန်းများပြန်လည်ရရှိရေးအတွက် ကြည်း၊ ရေ၊ လေဖြင့် အပြင်းအထန် ပြန်လည်ခုခံလျက်ရှိသည်ဟု တောင်ပိုင်းညီနောင်တပ်ပေါင်းစု တာဝန်ခံ ကိုစိုင်းညီ ကဆိုသည်။
၎င်းက “တော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်ထားနိုင်တဲ့နေရာတွေက မဟာဗျူဟာအရရော၊ စစ်ရေးအရရော အရေး ပါတဲ့နေရာတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း တချို့စခန်းသိမ်းတိုက်ပွဲတွေဆိုရင် စကစဘက်က လေကြောင်းပစ်ကူ တွေပေးရတဲ့အထိပဲ။ ဆိုလိုချင်တာက အရေးပါတဲ့နေရာတွေမို့လို့ သူတို့ဘက်က ဒီစခန်းတွေကို လက်လွှတ်ဆုံးရှုံး မခံချင်တာပါ”ဟုဆိုသည်။
မေလတွင်လည်း တော်လှန်ရေးအင်အားစုက သရက်ချောင်းမြို့နယ် ပဲဒက်ရွာရှိ တပ်စခန်းနှင့် တနင်္သာရီနှင့် ဘုတ်ပြင်းမြို့ကြားရှိ ပွိုင့် ၁၀၂၀ စခန်းကုန်းတို့ကို သိမ်းပိုက်ခဲ့သည်။
ပဲဒက်စခန်းကို လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်က အဆိုပါစခန်း ပြန်လည်ရရှိရေးအတွက် ပြန်လည် ထိုးစစ်ဆင်နေပြီး နေ့တိုင်းနီးပါးထိတွေ့ပစ်ခတ်မှုရှိနေသည်ဟု ကာကွယ်ရေးရဲဘော် ၁ ဦး၏ ပြောပြချက်အရ သိရသည်။
“စစ်ကောင်စီအတွက် အခုလက်ရှိအရေးကြီးတာက ပဲဒက်စခန်းပဲ။ ကျွန်တော်တို့ စခန်းသိမ်းပြီးနောက်မှာ နေ့တိုင်း လိုလိုထိတွေ့မှုရှိတယ်။ လေကြောင်းကအဆက်မပြတ်ပဲ။ သူတို့ရအောင်ပြန်ယူမယ့်ပုံပဲ။ သူတို့ပြန်ပြီး စိုးမိုးလို့မရ အောင် ကျွန်တော်တို့အတတ်နိုင်ဆုံးထိန်းထားပါတယ်” ဟုဆိုသည်။
ထို့အပြင် ၁၀၂၀ ခြေကုပ်စခန်းသည်လည်း မိုက်ခရိုဝေ့ဖ်ဆက်သွယ်ရေးတာဝါတည်ရှိသည့် နရာဖြစ်ပြီး စစ်ကောင်စီ ဆက်သွယ်ရေးအတွက် အရေးပါသောနေရာတစ်ခုဖြစ်သည်။
အထက်ဖော်ပြပါ စခန်း၈ ခုသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက် ကနေ မေလ ၁၇ ရက် ၄ လကျော်ကာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် တနင်္သာရီအခြေစိုက် ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်များက သိမ်းပိုက်ထားနိုင်သည့်စခန်းများဖြစ်သည်။
အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း တော်လှန်ရေးအဖွဲ့အချင်းချင်း ချိတ်ဆက်မှုအားကောင်းလာပြီး နယ်မြေ ကျွမ်းကျင်မှုကိုလည်း အသုံးချလာနိုင်သည့်အတွက် စစ်ကောင်စီတပ်စခန်းတစ်ခုပြီးတစ်ခု သိမ်းပိုက်လာနိုင်ခြင်း ဖြစ်သည်ဟု ရဲဘော်များထံက သိရသည်။
တနင်္သာရီတိုင်းတွင် စစ်ရေးအရှိန်မြှင့်လာပြီး မြို့နယ် ၁၀ မြို့နယ်တွင် စခန်းသိမ်းတိုက်ပွဲအပြင် ထိတွေ့တိုက်ပွဲများ ခပ်စိပ်စိပ်ရှိလာနေပြီး တိုင်းတစ်တိုင်းလုံးရှိ စစ်ဘေးရှောင်အရေအတွက်သည်လည်း ပြီးခဲ့သည့် ဧပြီလအတွင်း ၆၀,၀၀၀ ကျော်ရှိလာသည်ဟု တနင်္သာရီတိုင်းရှိအခြေအနေများကို သုတေသနပြုလုပ်နေသည့် FE5 Tanintharyi ထုတ်ပြန်ချက်အရသိရသည်။
ဓာတ်ပုံ-ပေးပို့။
ပုံစာ-သရက်ချောင်းမြို့နယ်ပဲဒက်စခန်းသိမ်းတိုက်ပွဲတွင် ရရှိခဲ့သည့် လက်နက်ခဲယမ်းများ။