ခုခံမှုများကြောင့် အောင်ဇေယျစစ်ကြောင်း ရှေ့ဆက်တိုးမရ
******
နန်းဆုပန်ခန့်
မေ ၁၈၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့ကိုရောက်ရှိရန် ကြိုးပမ်းနေသော အောင်ဇေယျစစ်ကြောင်းသည် ရှေ့ဆက်တိုးရန် ကြိုးစားနေသည့်အတွက် ကာကွယ်ရေးပူးပေါင်းတပ်များဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထံက သိရသည်။
အောင်ဇေယျစစ်ကြောင်း၏ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရှေ့ဆက်တိုးရန်ကြိုးစားသည့်အတွက် ယမန်နေ့နံ နက် ၁၁ ကျော်ကစ၍ ညနေ ၅ နာရီခန့်ထိ ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြေပြင် သတင်းရင်းမြစ် ၁ ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက “ သူတို့အထိနာလို့နေမယ်။ လေယာဥ်လာတာ၊ Y12 ရော ပုဇဉ်း (ရဟတ်ယာဥ်) ရော လာပစ်သွားတယ်။ လက်နက်ကြီးရောပစ်တယ်။ တိုက်ပွဲဖြစ်ပြီးတော့ ညပိုင်းနဲ့ ဒီမနက်လောက် တိုက်ပွဲရပ်သွားတဲ့အချိန်ပေါ့၊ သူတို့ဘက်က လက်နက်ကြီးတွေထပ်ထု (ပစ်) တယ်” ဟု ဆိုသည်။
အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုများရှိပြီး တော်လှန်ရေးပူးပေါင်း တပ်ဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု သိရသည်။
ရှမ်းမြောက်ပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်အခြေစိုက် တပ်မ ၅၅ ဦးဆောင်သည့် “အောင်ဇေယျ စစ်ဆင်ရေး” စစ်ကြောင်းသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်တွင်ရောက်ရှိခဲ့ပြီးနောက် မြဝတီမြို့ကိုရောက်ရှိရန်ကြိုးပမ်းနေခြင်းဖြစ်သည်။
ထို့နောက် မေလ ၄ ရက်တွင် “အောင်ဇေယျ စစ်ဆင်ရေး” စစ်ကြောင်းသည် ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မြဝတီမြို့အနီး သင်္ဃန်းညီနောင်ကို ရောက်ရှိရန် ၅ မိုင်သာလိုတော့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် များထံက သိရသည်။
သို့သော်လည်း ယခုလက်ရှိအချိန် ၂ ပတ်နီးပါးကြာသည်အထိ သင်္ဃန်းညီနောင်ကိုရောက်ရှိရန် ရှေ့ဆက်တိုး၍မရ သည့်အခြေအနေဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
စစ်ကောင်စီဘက်က ရှေ့ဆက်မတိုးနိုင်ခြင်းသည် ရွှေကုက္ကိုလ်အထိရောက်လာမည့်စစ်မျက်နှာအတွက် ကြိုတင် ဗျူဟာမဆွဲထားခြင်းမရှိသေးကြောင့်ဖြစ်သလို မြဝတီရောက်လာလျှင်ရန် ကျားဖြန့်နှိမ်နင်းရန် တရုတ်ကိုပြစရာ စစ်ရေးပြကွက်မရှိတော့မည်ကိုစိုးရိမ်သောကြောင့် ယခုလို ကြန့်ကြာအောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ကရင့် တော်လှန်ရေးသမားဟောင်းတစ်ဦးဖြစ်သည့် နိုင်ငံရေးလေ့လာသုံးသပ်သူ ၁ ဦးက ဆိုသည်။
၎င်းက “ တကယ်ဆိုရင် အပြီးသတ်အနေနဲ့ သံချပ်ကာနဲ့၊ လေယာဉ်တွေနဲ့သာ တဟုန်ထိုးလောက် ထိုးဖောက်လိုက် မယ် ဆိုရင် နာရီပိုင်းအတွင်းမှာပါပဲ သူတို့ မြဝတီကိုရောက်နေပါပြီ။ ဒါပေမယ့် မြဝတီကိုရောက်ပြီး သူတို့ဘာဆက် လုပ်မလဲဆိုတာက နောက်ထပ်စစ်ရေးပြကွက်က သူတို့မှာမရှိဘူး။ တကယ်လို့မြဝတီကိုရောက်ပြီးဆိုကာမှ ရွှေ ကုက္ကိုလ်ကိုတန်းပြီးတော့မှ ချီတက်ရမှာဖြစ်လို့ စစ်ကောင်စီက ရွှေကုက္ကိုလ်ကို ဘယ်လိုနှိမ်နင်းမလဲ ဆိုတဲ့ သူတို့ နည်း၊ သူတို့ဗျူဟာမရှိလောက်သေးဘူး။ စစ်ကောင်စီက ရွှေကုက္ကိုလ်ကို နှိမ်နင်းချင်မှလည်း နှိမ်နင်းမယ်။ ဘာလို့ဆို သူ့အကျိုးက အဲ့မှာအများကြီးရနေလို့ ရွှေကုက္ကိုလ်ကို မနှိမ်နင်းချင်တဲ့အတွက်ကြောင့် မြဝတီဘေးနားမှာပဲ ကြန့် ကြာအောင် သူတို့ဖော်ဆောင်နေတယ်လို့ပဲ ကျွန်တော်အနေနဲ့ ကောက်ချက်ချချင်ပါတယ်” ဟု ဆိုသည်။
ဒုဗိုလ်ချုပ်ကြီး စိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် အောင်ဇေယျစစ်ကြောင်းသည် ကျဆုံးခံလိမ့်မည်မဟုတ်ဟုလည်း ပညာရှင်များ က သုံးသပ်ထားကြသည်။
ကော့ကရိတ်ကိုကျော်ပြီး မြဝတီကိုဦးတည်နေသည့် အောင်ဇေယျစစ်ကြောင်းကို စစ်ကူအင်အားပို့ရသည်မှာ ပြီးခဲ့သည့် မေလ ၁၂ ရက်အထိဆိုလျှင် ၃ ကြိမ်မြောက်ရှိခဲ့ပြီဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရ သည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – အောင်ဇေယျစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်စဉ်ရရှိခဲ့သည့် စစ်သုံးကားအချို့။ (ပုံဟောင်း)
****
Telegram – > https://t.me/ThanLwinKhetNews/4633
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=10081