စကားမောင်
ဇူလိုင် ၈၊ ၂၀၂၄။
တိုက်ပွဲဖြစ်ပွားနေသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် လွန်ခဲ့သည့် နှစ်ရက်မှစ၍ ဆန်များဝယ်ယူ၍ မရဖြစ်နေသည်ဟု ဒေသခံများထံက သိရသည်။
“အခု ဆန်တွေကမရတော့ဘူး၊ ဘယ်သူမှ မရောင်းတော့ဘူး။ ဆိုင်ကြီးတွေမှာလည်းမရှိတော့ဘူး။ ဆန်တင်မဟုတ်ဘူး အကုန်ဘာမှမရတော့ဘူး”ဟု မိုးကုတ်မြို့ အရှေ့ပိုင်းနေ၊ အမျိုးသမီးတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
ဇွန်လကုန်ပိုင်းကစပြီး မိုးကုတ်- မန္တလေးကားလမ်းပိတ်ထားသည့်အတွက် ကုန်အဝင်မရှိတော့သောကြောင့် လက်ကျန် ကုန်များသာရောင်းချနေကြခြင်းဖြစ်သည်ဟု ကုန်သည်များထံက သိရသည်။
ဆန်ဈေးသည် ယခင်လထက် ၅၀,၀၀၀ ကျပ်ဝန်းကျင် မြင့်တက်ခဲ့ပြီး နောက်ဆုံးဝယ်ယူ၍ ရခဲ့သောဈေးသည် ဆန် ၂၄ ပြည်တစ်အိတ်လျှင် ၁၆၀,၀၀၀ ကျပ်မှ ကျပ် ၂၀၀,၀၀၀ ကျော်အထိ ရှိခဲ့သည်ဟု သိရသည်။
“အရွက်တွေ၊ အသားတွေတော့ရှိနေသေးပေမယ့် ဈေးတော့ကြီးတယ်။ အခုဆိုမရှိတာတွေကများသွားပြီ။ ကုန်ခြောက် ဆိုလည်း ခေါက်ဆွဲခြောက်တွေတောင် မရှိတော့ဘူးရယ်။ အများကြီးအခက်အခဲရှိတယ်” ဟု မိုးကုတ်မြို့အရှေ့ ပိုင်းနေ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုအပြင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ ၁၀ ရက်ကျော်ခန့်ရှိနေပြီး အချို့နေရာများတွင် ရေအားလျှပ်စစ်ပြတ်တောက်နေသည်မှာ ၃ ရက်ခန့်ရှိနေသည်ဟု ဒေသခံများထံက သိရသည်။
“ချောင်းရေများမှ မီးကလွှတ်ပေးတာကိုး။ ရေအားလျှပ်စစ်ကလည်း ပေးချင်တဲ့အချိန်ပေးတယ် မပေးချင်တဲ့အချိန်မ ပေးဘူး ခန့်မှန်းလို့မရဘူး” ဟု မိုးကုတ်မြို့အရှေ့ပိုင်းနေ၊ အမျိုးသားတစ်ဦးက ပြောသည်။
ဇွန်လ ၂၅ ရက်ကစပြီး မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်များကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ယမန်နေ့ညနှင့် ယနေ့မနက်၌ လက်နက်ကြီး၊ မစ်ဇိုင်းဒုံးကျည်များ ပစ်ခတ်မှုရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။