အိမ်တွင်းအကြမ်းဖက်မှုကြောင့် သေဆုံးသူ မထက်ထက်ဇော်အား မီးသဂြိုလ်
***************
နန်းဆုပန်ခန့်
ဇူလိုင် ၁၉၊ ၂၀၂၄
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အိမ်တွင်းအကြမ်းဖက်ခံရပြီး သေဆုံးခဲ့သူ မထက်ထက်ဇော်အား ယနေ့နံနက်ပိုင်းတွင် ဝပ်မုတ်ကထန်သုဿန်မှာ မီးသဂြိုလ်ခဲ့သည်။
ပြီးခဲ့သည့် ဧပြီလက ခင်ပွန်းသည်ဖြစ်သူ၏ အိမ်တွင်းအကြမ်းဖက်ခံရပြီး သေဆုံးခဲ့သူ မထက်ထက်ဇော်သည် ကွန်လွန်ပြီး သုံးလကျော်ကြာမှ ယခုလို သဂြိုလ်ခွင့်ရခဲ့ခြင်းဖြစ်သည်။
“ပြည်တွင်းထဲမှာ တရားဥပဒေကင်းမဲ့သွားတဲ့အခါမှာ အနည်းဆုံးတော့ ထိုင်းနိုင်ငံမှာရှိတဲ့ တရားဥပဒေကို ကျွန်မတို့အား ကိုးချင်ပါတယ်။ ဒါကြောင့်မို့ မဲဆောက်မှာ ကျွန်မတို့နိုင်တဲ့ ဝန်နဲ့ နိုင်တဲ့အားနဲ့ ကြိုးစားတာဖြစ်တယ်” ဟု နာရေးကို ကူညီပေးခဲ့သည့် Sister 2 Sister မှ တာဝန်ရှိသူက ဆိုသည်။
လက်ရှိတွင် ကျူးလွန်သူခင်ပွန်းဖြစ်သူ ဇော်ဝင်းထွဋ် (ခေါ်) ဝဠာကို ထိုင်းနိုင်ငံ၏တရားစီရင်ရေးအရ အနည်းဆုံးရုံးချိန် ၄ ကြိမ် (၁ လခွဲကျော်) စစ်ဆေးပြီးမှ ပြစ်ဒဏ်ချမှတ်မည်ဟု ထိုင်းအရာရှိတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ ထိုင်းနိုင်ငံဥပဒေအရဆိုရင် ၁၂ ရက် ၁ ကြိမ် တရားရုံးမှာခေါ်တွေ့တယ်။ ၄၈ ရက်အတွင်း (၄ ကြိမ်မြောက်) ခေါ် တွေ့ပြီးမှ ဒီကြူးလွန်သူကို အပြစ်ပေးလို့ရတာပေါ့။ ကြားထဲမှာလည်း သူတို့ဘယ်လိုစဖြစ်ပြီး ဘယ်လိုသေဆုံးရလဲဆိုတာ စစ်ဆေးရဦးမှာပေါ့နော်။ အနှစ် ၂၀ ထောင်ကျနိုင်တယ်ဆိုပေမယ့် သူထောင်ထဲမှာ နေတဲ့အတောအတွင်း သူ့အပြုအမူအပေါ်မူတည်ပြီးတော့ ပြစ်ဒဏ် အတိုးအလျှော့တော့ရှိမှာပေါ့” ဟု ဆိုသည်။
ယနေ့ဈာပနကို Sister 2 Sister အဖွဲ့ဝင်များ၊ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ မဲဆောက်ရှိ နာရေးကူညီမှုအသင်းနှင့် အခြားသောပုဂ္ဂလိကကူညီသူများ တက်ရောက်ကြ သည်။
ပုံစာ – အိမ်တွင်းအကြမ်းဖက်ခံရပြီး သေဆုံးခဲ့သူ မထက်ထက်ဇော်၏ နာရေးပုံရိပ်တစ်ချို့။ ဓာတ်ပုံ- ပန်ပန်/သံလွင်ခက်။