ယမင်းဖူးပွင့်အောင်
စက်တင်ဘာ ၂၈၊ ၂၀၂၄။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ PDF များအပါအဝင် တိုင်းရင်းသားများ လက်နက်စွန့်ပြီးရွေးကောက်ပွဲဝင်ရန် ပြောဆိုချက်သည် တွေ့ဆုံဆွေးနွေးရေး၊ ဒီမိုကရေစီခေါင်းစဉ်အောက်တွင် တော်လှန်ရေးအဖွဲ့များ ရည်မှန်း ချက်ဝေဝါးစေရန်ဖြစ်ပြီး အာဏာရှင်လမ်းဟောင်းသာဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
“ဝေဝါးသွားရင် အချင်းချင်းအစုအဖွဲ့တွေကြားမှာသဘောထားတွေကွဲလွဲတယ်။ ဒါမှမဟုတ် စုဖွဲ့မှုအားလျော့သွားတယ် ဆိုတဲ့အချိန်မှာ ကျန်နေတဲ့အစုအဖွဲ့တွေကို အကြမ်းဖက်နှိမ်နင်းရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အပြီးသတ်နှိမ်နင်းဖို့၊ လုံးဝကြေမွသွားအောင် နှိမ်နင်းဖို့ကြိုးစားလေ့ရှိတာတွေ့ရတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောသည်။
လက်ရှိနိုင်ငံရေးအခြေအနေ၊ နယ်မြေလုံခြုံရေးအနေအထားများအရ တရားမျှတပြီး ဒီမိုကရေစီနည်းကျသည့် ရွေးကောက်ပွဲဖြစ်နိုင်ချေနည်းပါးပြီး ယခင်အာဏာရှင်များကျင့်သုံးသည့် မူဟောင်းလမ်းစဉ်သာဖြစ်သည်ဟု ၎င်းက သုံးသပ်ထားသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ ပြင်ပဆက်ဆံရေးဒါရိုက်တာ ဦးအောင်သူငြိမ်းကလည်း စစ်ခေါင်းဆောင်ပြောဆိုမှုသည် ရှင်းလင်းသည့်ပြောဆိုချက်မျိုးမဟုတ်ဘဲ တိုင်းရင်းသားလက်နက်အဖွဲ့များမှ ဆက်လက်စောင့်ကြည့်မည့်အခြေအနေသာရှိသည်ဟု ဆိုသည်။
“သူရဲ့ ကြေငြာချက်က မရှင်းလင်းသေးဘူး။ ဘယ်လိုလုပ်ကြမလဲဆိုတာ စောင့်ကြည့်ရမယ်ထင်ပါတယ်။ ဘယ်သူတွေနဲ့ အကောင်အထည်ဖော်မလဲဆိုတာ ရှိသင့်ပါတယ်” ဟု ပြောသည်။
ယခင် ဦးသိန်းစိန်လက်ထက်တွင် ခေါ် ယူသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင်များပါဝင်ခြင်းမှာ ပြုပြင်ပြောင်းလဲရေးတချို့မြင့်တွေ့ခဲ့ရခြင်းကြောင့်ဖြစ်ပြီး “အခုအခြေအနေမှာတော့ အဲလောက်ကြီးတော့ ဖြစ်လာမယ်လို့တော့ မထင်ပါဘူး” ဟု ဦးအောင်သူငြိမ်းက သုံးသပ်ထားသည်။
ယခု စစ်ခေါင်းဆောင်၏ပြောဆိုချက်မှာ တော်လှန်ရေးတပ်ဖွဲ့များအကြား သပ်လျိုသွေးခွဲခြင်းသက်သက်သာဖြစ်ပြီး အဓိပ္ပါယ်မဲ့စကားသာဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ် ဦးသန်းစိုးနိုင်ကလည်း ထောက်ပြသည်။
“ဦးဆောင်သူတွေကို ဘေးဖယ်ပြီး အောက်ခြေက တိုင်းရင်းသားတွေအပါအဝင် PDF တွေ လက်နက်ကိုင်လမ်းစဉ် စွန့်ပြီး ရွေးကောက်ပွဲဝင်ပါဆိုတာ အလင်းဝင်ခိုင်းတာပေ့ါ၊ အဲလိုလုပ်လို့ ဘာမှအကျိုးမရှိပါဘူး” ဟု ၎င်းက ဆိုသည်။
ဒေါက်တာစိုင်းကြည်ဇင်စိုးကလည်း EROS အများစုသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း နယ်မြေစိုးမိုးမှုနှင့် နိုင်ငံရေးမှာ အရေးပါသည့် အနေအထားရှိလာသည့်အတွက် ၎င်းတို့၏ညှို့နှိုင်းမှုအာဏာ (bargaining power) ဖြင့် စဉ်းစားတွေးခေါ်ပုံပြောင်းလဲလာသည်ဟု မှတ်ချက်ပေးထားသည်။
“တကယ်လို့ စကားပြောရမယ်ဆိုရင်တောင် သူတို့ရဲ့ အကျိုးစီးပွားအတွက် ရယူအောင်လုပ်လို့ရနိုင်မယ့် ဝှက်ဖဲလိုမျိုးရှိသင့်တယ်လို့ စဉ်းစားနေကြပုံပေါ်ပါတယ်။ အဲဒီ့အခြေထိုင်ကနေ စဉ်းစားပြီးတော့ သူတို့ဒီဟာကို တုံ့ပြန်မယ်လို့ လည်း ယူဆလို့ရတယ်”