သံလွင်ခက်
အောက်တိုဘာလ ၂၂၊၂၀၂၄။
ပဲခူးတိုင်း၊ ဝေါမြို့နယ် ၊ရှမ်းကိုင်းကျေးရွာ ရေတံခါးဂိတ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ဦးဆောင်ပြီး ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းတစ်ခုလုံးသိမ်းပိုက်နိုင်ခဲ့သည်ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက သံလွင်ခက်ကို ပြောသည်။
ယနေ့ အောက်တိုဘာလ ၂၂ ရက် မနက်အစောပိုင်း ၄ နာရီခန့်တွင် စစ်ကောင်စီနှင့်ပျူအင်အား ၁၅ ဦးခန့်ရှိသည့် ရေတံခါးဂိတ်စခန်းအား ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကာ လက်နက် ၆ လက်သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်။
“စခန်းထဲထိဝင်တိုက်တာ စခန်းတစ်ခုလုံးကိုရလိုက်တယ်။ သူတို့ဘက်က ကင်းသမားလည်း ကျသွားတယ်။ ကျန်တဲ့အဖွဲ့တွေ ထွက်ပြေးကုန်တာပေါ့။ ကျွန်တော်တို့ကတော့ လက်နက်တွေပဲ ယူပြီးပြန်ဆုတ်လာခဲ့တယ်” ဟု ၎င်းက ဆိုသည်။
အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားချိန် ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးနှင့် ၎င်းတို့၏လက်အောက်ခံပျူစောထီး သုံးဦးသေးဆုံးခဲ့သည်ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက ဆိုသည်။
အဆိုပါတိုက်ပွဲတွင် ပစ္စတို(၁)လက်၊ G-3(၄)လက်၊ BA-94 အူဇီ (၁) လက် သိမ်းဆည်းနိုင်ခဲ့ပြီး တော်လှန်ရေးအဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ- အောက်တိုဘာလ ၂၂ ရက် ဝေါမြို့နယ်၊ရှမ်းကိုင်းကျေးရွာ၊ ရေတံခါးဂိတ်စခန်းသိမ်းတိုက်ပွဲမှ ရရှိခဲ့သည့် လက်နက်ပ စ္စည်းများ။ ဓာတ်ပုံ-ပေးပို့။