မောင်ဘဦး
အောက်တိုဘာ ၂၇၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့တွင် တပ်စွဲထားသည့် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ) စစ်ကြောင်းသည် ယနေ့ နံနက် ၇ နာရီခွဲမှစတင်၍ ဘုတလင်မြို့၏အနောက်မြောက်ဘက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာနှစ်ရွာကိုလည်း လေကြောင်းဖြင့် တိုက်ခိုက်သည်ဟု ဒေသခံများထံမှ သိရသည်။
အင်အား ၅၀ ဝန်းကျင်ခန့်ရှိသည့် စစ်ကြောင်းသည် ပြီးခဲ့သည့် ၂၂ ရက်တွင် ယခင်ဘုတလင်ရွာများမှ ဖမ်းဆီးထားသည့် ဒေသခံ ၅၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီ ယနေ့ညတွင် ပဲမြစ်တောအရှေ့ရွာ၌တပ်စွဲခဲ့ခြင်းဖြစ်သည်။
“ဘယ်လိုတွေယုတ်မာမလည်း စောင့်ကြည့်ရမယ်ဗျ။ ဒီနေ့ညနေ ၅း၀၀ ပတ်ချာလည်လောက်ကလည်း လေကြောင်းက ဖိုက်တာနှစ်စီးနဲ့ လာပစ်တာ နတ်ရွာစာသင်ကျောင်းနဲ့ ငပုယင်းဘူတာကို ပစ်သွားတာ အဆောက်အုံပဲပျက်စီးတာ။ လူတွေတော့မထိဘူး” ဟု ဒေသတွင်း ရပ်ကျေးပအာဖအဖွဲ့ဝင်တဦးက ပြောသည်။
ဘုတလင်မြို့နယ်အတွင်း ဒုတိယအကြိမ်စစ်ကြောင်းထိုးခြင်းကြောင့် ငပုယင်း၊ တတ်လှိုင်း၊ စီပါ၊ ပဲမြစ်တောအရှေ့ရွာ၊ အနောက်ရွာ၊ ငပုယင်း၊ နတ်ရွာ၊ အုတ်ဖို စသည့်ကျေးရွာများမှ ဒေသခံ ၁၀, ၀၀၀ နီးပါ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။
အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်မှ ၁၇ ရက်အတွင်း ဘုတလင်မြို့နယ်ထဲရှိ ကျေးရွာများသို့ စစ်ကောင်စီ တပ်မ- ၃၃ လက်အောက်ခံတပ်များဖြင့် စစ်ကြောင်းထိုးကာ အရပ်သား ၂၀ ဦးထက်မနည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပြီး စီပါကျေးရွာရှိ အရပ်သား ခြောက်ဦးကို ကိုယ်လက်အင်္ဂါများဖြတ်တောက်ခဲ့သည်။