သံလွင်ခက်
နိုဝင်ဘာ ၅၊ ၂၀၂၄။
စစ်ကိုင်းမြို့၊ ပဲကတိုးကျေးရွာ၊ နည်းပညာတက္ကသိုလ်အနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီဂိတ်စခန်းကို လျှပ်တပြက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဆယ်ကျော် သေဆုံးမှုရှိနိုင်သည်ဟု Sagaing PDF ထံမှ သိရသည်။
အဆိုပါ ဂိတ်စခန်းသည် စစ်ကိုင်းမြို့မှအထွက် မန္တလေး-ရွှေဘိုကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး ခန့်မှန်းခြေအင်အား ၅၀ခန့် တပ်စွဲထားသည်ဟု သိရသည်။
နိုဝင်ဘာ ၄ရက် နံနက် ၅နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်ကူများရောက်လာသောကြောင့် ဆုတ်ခွာခဲ့ရသည်ဟု အဆိုပါ တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“တိုက်ပွဲက ၁၅မိနစ်လောက်ကြာတယ် အဲနောက်မှာတော့ ၅မိုင်လောက်ပဲဝေးတဲ့ တပ်မ ၃၃ကနေ စစ်ကူတွေလာလို့ ဆုတ်လိုက်ရတယ်”ဟုဆိုသည်။
စစ်ကူလာသည့် ယာဉ်တန်းကိုလည်း မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်သေဆုံးနိုင်ကြောင်း ထောက်လှမ်း သိရှိရသည်ဟု ဆိုသော်လည်း သံလွင်ခက်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
အဆိုပါတိုက်ခိုက်မှုကို SAGAING PDF နှင့်အတူ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ကလည်း ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
ပုံစာ- Sagaing PDF တပ်ဖွဲ့ဝင်များကို ရှေ့တန်းတစ်နေရာတွင် တွေ့ရစဉ်