ကောင်းချစ်အောင်
နိုဝင်ဘာ ၆၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း သူတို့ရဲ့တိုက်ခိုက်ရေးတပ်ရင်း ၉၀ ထက်မနည်းကို ဆုံးရှုံးလိုက်ရပါတယ်။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့်ဖြစ်ပြီး မဟာမိတ်တပ်ဖွဲ့တွေရဲ့ အင်အားသောင်းနဲ့ ချီတဲ့ထိုးစစ်ကို စစ်ကောင်စီအနေနဲ့ ရပ်တန့်နိုင်စွမ်းမရှိခဲ့တာ ဖြစ်ပါတယ်။
ညီနောင်သုံးဖွဲ့နဲ့အတူ လက်တွဲတိုက်ပွဲဝင်ကာ အောင်ပွဲတွေရခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ ဗမာ ပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့ဟာ အညာဒေသကို စစ်ဆင်ရေးတွေ အခြေစိုက်လှုပ်ရှားတော့မယ်လို့ အသီးသီး ထုတ်ဖော်ပြောဆိုလာပါတယ်။
သက်တမ်းနဲ့မမျှတဲ့ အောင်ပွဲတွေနဲ့ တပ်နှစ်တပ်
*********************
၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ပြိုကွဲခဲ့ပြီးနောက် ကွန်မြူနစ်အယူဝါဒကို ယုံကြည်လက်ခံထားတဲ့လူ ငယ်တွေဟာ ကွန်မြူနစ်ကိုအခြေပြုတဲ့ လက်နက်ကိုင်လမ်းစဉ်ကို အသက်သွင်းဖို့ တဖန်ကြိုးပမ်းလာခဲ့ကြပါတယ်။
အဲဒါကြောင့် ၂၀၁၈ ခုနှစ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဆီ စစ်ပညာသင်ယူခဲ့ပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၁ မတ်လ ၁၅ ရက်မှာမှ လက်နက်ကိုင်တပ်ပေါ်ပေါက်လာခဲ့ပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) လို့ အမည်ပေးခဲ့ပြီး CPB ကို နိုင်ငံရေးလက်တံအဖြစ် သတ်မှတ်ထားတာပါ။
ကွန်မြူနစ်သဘောတရား မာ့စ်ဝါဒ အတွေးအခေါ်နဲ့ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်သွားခဲ့ပြီးနောက်မှာ ပစ္စည်းမဲ့လူတန်းစားဦးဆောင်တဲ့ ပြည်သူ့ဒီမိုကရေစီသမ္မတနိုင်ငံတော်သစ်ကို တည်ဆောက်သွားဖို့ PLA က ရည်ရွယ်ပါတယ်။
တစ်ဖက်မှာလည်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဧပြီ ၁၇ ရက်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။
စစ်အာဏာရှင်ကို တော်လှန်တဲ့လူငယ် ၁၇ ဦးဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေမှာ အာရက္ခတပ်တော် (AA) ရဲ့ လေကျင့်သင်ကြားပေးမှုနဲ့ BPLA ကို စတင်ဖွဲ့စည်းခဲ့တာပါ။
ဗမာပြည်သူလူထုကို အကာကွယ်ပေးရေးနဲ့ ဗမာပြည်နယ် ပေါ်ပေါက်ရေးတို့ကို ရှေးရှုထားပြီး ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်တည်ဆောက်ရေးကို BPLA က ရည်ရွယ်ထားပါတယ်။
အညာကို ဦးတည်နေတဲ့တပ်နှစ်ခုရဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေဟာ အပြည့်အဝထပ်တူညီမှု ရှိမနေပေမယ့် BPLA နဲ့ PLA တို့ဟာ ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ စုဖွဲ့မှု တပ်မဟာ ၆၁၁ အောက်မှာ အတူတူပါဝင် တိုက်ပွဲဝင်ခဲ့ကြပါတယ်။
၁ နှစ်နီးပါးအကြာ စစ်ပညာသင်ယူခဲ့ပြီး တပ်မဟာ ၆၁၁ ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ စစ်သင်တန်းဆင်းခဲ့ပါတယ်။
တပ်မဟာ ၆၁၁ မှာ BPLA ၊ PLA က ရဲဘော်တွေအပြင် အညာဒေသက ဗိုလ်နဂါးဦးဆောင်တဲ့ BNRA ၊ ကရင်နီအမျိုး သားများကာကွယ်ရေးတပ် (KNDF) နဲ့ NUG လက်အောက်ခံ NSSPDF တပ်ရင်းတွေလည်း ပါဝင်ပါတယ်။
ထူးခြားချက်အနေနဲ့ တပ်ဖွဲ့ဝင်တွေဟာ MNDAA ယူနီဖောင်းကို ဝတ်ဆင်ရပြီး MNDAA ဘက်တံဆိပ်နဲ့ မိခင်တပ်ဖွဲ့ ဘက်တံဆိပ်တို့ကို ပူးတွဲတပ်ဆင်ခွင့်ရတာ ဖြစ်ပါတယ်။
MNDAA ရဲ့ကွပ်ကဲမှုအောက်ကနေ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနဲ့ ဒုတိယလှိုင်း နှစ်ခုလုံးမှာ BPLA၊ PLA တို့ပါဝင်တဲ့ တပ်မဟာ ၆၁၁ ဟာ အောင်ပွဲတွေ ဆက်တိုက်ရခဲ့ပါတယ်။
ကွမ်းလုံဗျုဟာတိုက်ပွဲ၊ လားရှိုးမြို့သိမ်းတိုက်ပွဲတွေဟာ တပ်မဟာ ၆၁၁ အတွက် အထင်ကရ အောင်ပွဲတွေဖြစ်ပါ တယ်။
စစ်ရေးရပ်တန့်ခဲ့ရတဲ့ တပ် (၂) တပ်
*******************
လားရှိူးမြို့ကို MNDAA တို့မတိုက်ခိုက်ခင်ကတည်းက တရုတ်နိုင်ငံဟာ နယ်စပ်ဒေသမှာ ထိုးစစ်တွေရပ်ဖို့ အပြင်း အထန်ဖိအားပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းက ယူနန်ပြည်နယ် ပူအယ်မြို့မှာ တရုတ်အထူးကိုယ်စားလှယ်နဲ့ ‘ဝ’တပ်ဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံခဲ့တဲ့ လျှို့ဝှက်အစည်းအဝေးမှာ ဖိအားတွေက ပိုမိုပေါ်လွင်လာပါတယ်။
အဲဒီအစည်းအဝေးမှာ တရုတ်ကိုယ်စားလှယ် မစ္စတာတိန့်ရွှီကျင်းက လားရှိုးမြို့တိုက်ပွဲမှာ PDF တွေပါဝင်ကြောင်း၊ NUG နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိကြောင်း MNDAA ကို စွပ်စွဲပြောဆိုခဲ့ပါတယ်။
တရုတ်အနေနဲ့ တပ်မဟာ ၆၁၁ ကို ရည်ညွှန်းပြောဆိုပုံရပြီး တပ်မဟာ ၆၁၁ဟာ လားရှိုးမြို့ကို အရှေ့တောင်ဘက်ကနေ ပိတ်ဆို့ရာမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
တရုတ်ဟာ သူတို့ဘက်က နယ်စပ်ဂိတ်တွေကို ပိတ်ခဲ့ပြီး ကိုးကန့်ဒေသကို ဖြတ်ငါးဖြတ်ဆက်တိုက်လုပ်ဆောင်ခဲ့ရာမှာ ကိုးကန့်တပ်ဖွဲ့ဟာ အပစ်ရပ်ခဲ့ရပါတော့တယ်။
စက်တင်ဘာ ၁၈ ရက်မှာ NUG နဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုမျိုးလုပ်မှာမဟုတ်ဘူးလို့ ကြေညာချက် ထုတ်ခဲ့ရပြီး စစ်မျက်နှာတွေ မချဲ့ထွင်တော့ဘူးလို့ ကတိပေးလိုက်ရပါတယ်။
အဲဒါကြောင့် ကိုးကန့်တပ်အောက်က တပ်မဟာ ၆၁၁ မှာပါဝင်တဲ့ BPLA၊ PLA တို့ဟာလည်း တရုတ်ဖိအားအောက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်သွားခဲ့ရတာ ဖြစ်ပါတယ်။
အညာဒေသကို ဝင်ရောက်မှု ဘာထူးခြားသလဲ
*****************
PLA အနေနဲ့ အညာဒေသမှာ အရင်ကတည်းက စစ်ဒေသတွေ ဖွင့်လှစ်ထားပြီး စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။
သိန္ဒီမြို့တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ PLA ရဲဘော်တွေကို အညာဒေတစ်နေရာမှာ ပြည်သူတွေက ကြိုဆိုနေကြတဲ့ ပုံရိပ်တွေကို PLA က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
PLA အနေနဲ့ အညာဒေသမှာ စစ်ဒေသ ၂ ခုအထိ ဖွင့်ထားပြီး စစ်ကိုင်းတိုင်းမှာ အမှတ် ၁ စစ်ဒေသ၊ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ မန္တလေးတိုင်းမြင်းခြံခရိုင်၊ မကွေးတိုင်း ပခုက္ကူခရိုင်တို့ကို စုစည်းကာ အမှတ် ၈၁၅ စစ်ဒေသလို့ သတ် မှတ်ထားပါတယ်။
PLA အနေနဲ့ စစ်ဒေသအသစ်ဖွင့်တာမျိုးမဟုတ်ဘဲ ရှမ်းမြောက်ကတပ်ဖွဲ့ဝင်တွေကို အညာဒေသကို စေလွှတ်ကာ အားဖြည့်တဲ့ပုံစံမျိုး ဖြစ်ပါတယ်။
BPLA ကတော့ ကရင်ပြည်နယ်မှာ အမှတ် ၁၀၇ စစ်ဒေသနဲ့ ရှမ်းမြောက်မှာ အမှတ် ၂၀၃ စစ်ဒေသလို့ နှစ်ခုရှိပေမယ့် အညာဒေသမှာ စစ်ဒေသအသစ်ထပ်မံဖွင့်သွားဖို့ ရှိနေပါတယ်။
ဗမာလူမျိုးကို ကိုယ်စားပြုတဲ့ BPLA အနေနဲ့ ဗမာလူမျိုးအများစုနေထိုင်တဲ့ အညာဒေသကို ဝင်ရောက်ဖို့ ကြိုးစားတာ ဟာ ရည်မှန်းချက်တစ်ခုဖြစ်တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူတွေက ပြောထားပါတယ်။
အခုလို ထုတ်ဖော်မပြောဆိုခင်ကတည်းက BPLA ရဲဘော်တချို့ အညာဒေသကို ရောက်ရှိနေပြီး တပ်ဖွဲ့ဝင်အသစ်တွေ ခေါ်ယူကာ စစ်သင်တန်းပေးသွားမယ်လို့လည်း ဆိုထားပါတယ်။
တစ်ဘက်မှာ NUGက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့ကို အမှတ် ၁ စစ်ဒေသနဲ့ KIA စစ်ဦးစီးချုပ်ကို စစ်ဒေသမှူးအဖြစ် သတ်မှတ်ထားပါတယ်။
အဲဒါကြောင့် အညာဒေသမှာ အမိန့်စီးဆင်းမှုမတူတဲ့တပ်ဖွဲ့တွေအကြား ပွတ်တိုက်မှုတွေ ဖြစ်လာနိုင်မယ်လို့ စိုးရိမ်ပူပန် မှုတွေလည်း ရှိနေတဲ့အတွက် ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။