သံလွင်ခက်
နိုဝင်ဘာ ၇၊၂၀၂၄။
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်သည် ကုလသမဂ္ဂ ပညာရေး၊သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)၏ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပဏာမ ပါဝင်လာသည်ဟု ယူနက်စကို ဝက်ဆိုက်ဒ်တွင် ဖော်ပြထားသည်။
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုစာရင်းတွင် အသိအမှတ်ပြုရန် ၂၀၂၃ခုနှစ် မတ်လကတည်းက စစ်ကောင်စီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ယူနက်စကိုတွင် တင်ပြထားခြင်းဖြစ်သည်။
ယခုနှစ် ဒီဇင်ဘာ ၂ ရက်မှ ၇ရက်အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့ ၌ ကျင်းပမည့် ၁၉ ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် မြန်မာနိုင်ငံမှ တင်သွင်းသည့် အဆိုပြုစာတွဲနှင့် ပတ်သတ်ပြီး တရားဝင်ဆုံးဖြတ်သွားမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် နှစ်သစ်ကူးရိုးရာအတာသင်္ကြန်ပွဲတော်နှင့် ပတ်သတ်ပြီး လွန်ခဲ့သည့် ၁၃ ရာစုခေတ်ကတည်းက မယ်ဖွားစောတို့၏ ကျောက်စာ၊ သိမ်မဇီဘုရား အတွင်းနံရံရှိ ၁၂ ရာစုခေတ် မင်စာနှင့် ကုသဘုရား အတွင်းနံရံရှိ ၁၃ ရာစုခေတ် မင်စာများတွင် သင်္ကြန်အကြောင်း ရည်ညွှန်းဖော်ပြချက်များကို မှတ်တမ်းတင်ထိန်းသိမ်းထားခဲ့ကြသည်။
ယခုမျက်မှောက်ကာလတွင်လည်း သင်္ကြန်အကြောင်း ရုပ်ရှင်၊ သီချင်းနှင့် အကများ ဖန်တီးထုတ်လုပ်ကာ ခေတ်အဆက်ဆက်ထိန်းသိမ်းခဲ့ပြီး နှစ်စဉ်သင်္ကြန်ပွဲတော် ကျင်းပလျက်ရှိသည်။
ထိုင်းရိုးရာ ဆုန်ကရန်ရေကစားပွဲတော်သည်လည်း ယမန်နှစ် ၂၀၂၃ ဒီဇင်ဘာလတွင် ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုက အသိအမှတ်ပြုခဲ့သည်။