ခင်သရဖီဦး
နိုဝင်ဘာ ၇၊ ၂၀၂၄။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ကောင်စီက ကုန်လမ်းနှင့် ရေလမ်းများ ပိတ်ဆို့ခံထားသဖြင့် ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေကာ ဒေသခံများ စားဝတ်နေရေး အကျပ်အတည်းများကို ရင်ဆိုင်နေကြရသည်။
လက်ရှိတွင် ပေါ်ဆန်မွှေးဆန်တစ်အိတ်လျှင် ၁၅၀,၀၀၀ ကျပ်၊ ဆီတစ်လီတာလျှင် ၁၅,၀၀၀ ကျပ်၊ ငရုပ်သီး တစ်ပိဿာလျှင် ၅၀,၀၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၂၅,၀၀၀ ကျပ်နှင့် ကြက်သွန်ဖြူ တစ်ပိဿာလျှင့် ၄၅,၀၀၀ ကျပ်အထိ ရှိနေသည်။
“အခုက တော်တော်ကြပ်တည်းပါတယ်။ အလုပ်ကလည်း မရှိဘူး။ ဆီ၊ ဆား၊ ငရုပ်က အစ ဈေးတက်နေတာပေါ့၊ မိသားစုကလည်း များတော့ စားသောက်ရတာ အဆင်မပြေဘူး ။ ရောင်းချစားသောက်ရတာလည်း မကောင်းဘူး။ ထမင်းတစ်နပ်စားဖို့အတွက် ရုန်းကန်ရတာမလွယ်ဘူး။ ငွေကလည်း ရှာလိုရတာနဲ့ သုံးရတာနဲ့ မလောက်ဘူး။ အာဏာပိုင်တွေအနေနဲ့ ကုန်ဈေးနှုးန်းကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်ပြီး လုပ်ပေးနိုင်ရန် ကောင်းတာပေါ့” ဟု မင်းပြားမှ မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ဘေးရှောင်အများစုမှာလည်း အလုပ်အကိုင်မရှိသည့်အတွက် လက်ဝက်လက်စားတချို့ကိုလည်း ပေါင်းနှံစားသောက်နေထိုင်နေကြရသည်ဟု သိရသည်။
ရခိုင်ပြည်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ကြား မြို့သိမ်းတိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီမှ ရခိုင်ပြည်နယ်အတွင်းသို့ တင်ပို့သည့် လူသုံးကုန်ပစ္စည်းများအပြင် ဆေးဝါးများနှင့် စားသောက်ကုန်စည်များကို ပိတ်ပင်ထားခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်တက်လျက်ရှိနေသည်။
ဓာတ်ပုံ- ခင်သရဖီဦး/သံလွင်ခက်