သံလွင်ခက်။
အောက်တိုဘာ ၂၆၊ ၂၀၂၂ခုနှစ်။
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာရှိ ဒေသခံတစ်ရာကျော်ကို တစ်ပတ်ကျော်ကြာထိ ပြန်လည်လွတ်ပေးခြင်းမရှိသေးဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်လက်ဖမ်းဆီးထားသည်ဟု ဒေသခံများက ဆိုသည်။
အောက်တိုဘာ ၁၆ ရက်နေ့တွင် အဆိုပါ ရွာအနီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ သေနတ် ၅ လက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦး သေဆုံးခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညတွင်းချင်း အင်အားဖြည့်တင်းပြီး ဖက်တောရေကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ဖမ်းဆီး၊မီးရှို့မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၄င်းက ” ညတွင်းချင်းပဲ စစ်ကြောင်းတွေတက်လာတယ်။ လမ်းက အိမ်တစ်လုံးကို မီးရှို့သွားတယ် အဲ့ညကနေပြီးတော့ ၂၀ရက်နေ့ထိ ဖက်တောရေရွာကို မီးရှို့တယ်။ ရွာထဲက ဒေသခံ ၁၅၀လောက်ကို ဖမ်းထားပြီး ရိုက်နှက်တာတွေလုပ်တယ် ” ဟုဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နှိပ်စက်မှုကြောင့် ဖမ်းဆီးထားသည့်ထဲမှ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့အောက်တိုဘာ ၂၆ရက်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖက်တောရေကျေးရွာတွင် တပ်စွဲထားပြီး ဒေသခံများ၏ ပစ္စည်းများကိုလည်း ကားများဖြင့် တင်ဆောင်ယူဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက ” လုံးလုံးဒဏ်မခံနိုင်တော့တဲ့ လူနည်းနည်းပါးပါးပြန်လွတ်ပေးတာရှိတယ်။ အားလုံးကို လွတ်ပေးတာမျိုးမရှိဘူး။ ကျွန်တော်တို့ဘက်မှာ ဝက်မွေးမြူးရေးကို အဓိက လုပ်တော့ ဝက်တွေကိုလည်း အစာကျွေးခွင့်မရှိ ဘူးနောက်ပြီး ရွာထဲက ပစ္စည်းတွေကို ကားနဲ့ သည်နိုင်သမျှသယ်တယ် ကြက်တွေဝက်တွေလည်း ချက်စားတယ်” ဟုဆိုသည်။
ဖမ်းဆီးခံထားရသည့် ဒေသခံ တစ်ရာကျော်ထဲတွင် အမျိုးသမီးများ ပါဝင်ခြင်းမရှိဘဲ အမျိုးသားများကိုသာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ဖက်တောရေကျေးရွာ ဒေသခံများသည် ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့်အတွက် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်ရေးတွင် အခက်ခဲဖြစ်ပေါ်လျက်ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၄င်းက “သူတို့က တစ်ရွာလုံးကို မီးရှို့မယ်ပြောတော့ ပစ္စည်းတွေ သယ်ပြီးထွက်ပြေးလာတာ။ ၁၇ ၁၈ ရက်တွေမှာ မိုးကအသည်းသန်ရွာတယ် အဲ့ချိန်မှာ မိုးအကာမရှိဘဲ သက်ကြီးရွယ်အို ကလေးတွေကအစ မိုးရွာထဲမှာ နေရတယ် ” ဟုဆိုသည်။
ဖက်တောရေကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညပိုင်းအချိန်များ၌ အနီးနားကျေးရွာများသို့ ကင်းလှည့်ကာ ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေမှုများလည်း လုပ်ဆောင်နေသည် ဒေသခံများကဆိုသည်။
ဖက်တောရေကျေးရွာ ကျေးရွာအနီးတစ်ဝိုက်ကို စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်ကြောင်းသည် နတ်မောက်မြို့ ကာကွယ်ရေးပစ္စည်းစက်ရုံ ( ကပစ )တပ် နှင့် နတ်မောက်မြို့အနီးရှိ ရွာမွန်ဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ပုံစာ – ဖက်တောရေကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့စဉ်