မွေးဖွားသူထက် သေဆုံးသူ ပိုများခဲ့သဖြင့် တရုတ်နိုင်ငံ၌ လူဦးရေလျော့ကျမှု နှစ်ခြောက်ဆယ်အတွင်း ပထမဆုံးဖြစ်ပေါ်
***********************
ဇန်နဝါရီ ၁၇၊ ၂၀၂၃။
၂၀၂၂ ခုနှစ်အတွင်း သေဆုံးသူ အရေအတွက်သည် မွေးဖွားသူထက် ပိုမိုများပြားခဲ့သဖြင့် တရုတ်နိုင်ငံလူဦးရေသည် ၂၀၂၁ ခုနှစ်နှင့် ယှဉ်လျှင် လျော့ကျခဲ့သည်ဟု သိရသည်။
တရုတ်နိုင်ငံ၏ လူဦးရေသည် ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ၁ ဒဿမ ၄၁ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၁ နှင့် ယှဉ်လျှင် ၈သိန်းခွဲခန့် လျော့ကျခဲ့ခြင်းဖြစ်ကြောင်း တရုတ်အမျိုးသား အချက်အလက်ဌာနက ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ လူဦးရေလျော့ကျမှုသည် ၁၉၆၁ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်ခြောက်ခုအတွင်း ပထမဆုံး အကြိမ်ဖြစ်သည်။
ကမ္ဘာ့ဒုတိယ စီးပွားရေးအကြီးဆုံး နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံတွင် သေဆုံးသူဦးရေ ဆယ်သန်းခွဲကျော်ရှိပြီး မွေးဖွားသည့်ဦးရေသည် ကိုးသန်းခွဲကျော်ရှိခဲ့သဖြင့် လူဦးရေ လျော့ကျခဲ့ခြင်း ဖြစ်သည်။
၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ မွေးဖွားသည့် ကလေးဦးရေသည် ၉ သန်းခွဲကျော်ရှိပြီး ၂၀၂၁ နှင့်ယှဉ်လျှင် တစ်သန်းခန့်လျော့ကျလာခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သေဆုံးသူဦးရေမှာ တစ်နှစ်အတွင်း ဆယ်သန်းကျော်ရှိခဲ့ပြီး နှစ်ကုန်ပိုင်းအတွင်း ကိုဗစ်ရောဂါကူးစက်မှု တဖန်မြင့်တက်လာခြင်းကြောင့် အဓိကဖြစ်သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ လူဦးရေလျော့ကျမှု၏ အကျိုးဆက်အဖြစ် တရုတ်နိုင်ငံ၏ အလုပ်လုပ်နိုင်သည်ဟု သတ်မှတ်ထားသည့် ၁၆ နှစ်မှ ၅၉ နှစ်ကြား ဦးရေသည် ၇၀ မှ ၆၂ ရာခိုင်နှုန်းအထိ ထိုးကျခဲ့သည့်အတွက် ၂၀၂၃တွင် တရုတ်စီးပွားရေး ရုန်းကန်ရနိုင်သည်ဟု ပညာရှင်များက သုံးသပ်ထားသည်။