ဘုန်းမောင်
စက်တင်ဘာ ၁၆၊ ၂၀၂၄။
ယခုသီတင်းပတ်အစောပိုင်းမှာပဲ ရန်ကုန်အခြေစိုက်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သော မြန်မာ့မဟာဗျူ ဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု- ISP Myanmar က ၎င်းတို့ပုံမှန်ထုတ်ဝေလေ့ရှိသော မြန်မာနိုင်ငံ ပဋိပက္ခအခြေအနေများနှင့်ပတ်သက်သည့် အစီရင်ခံစာကိုထုတ်ပြန်ခဲ့ပါသည်။
အဆိုပါအစီရင်ခံစာ၌ မြန်မာနှင့်အိမ်နီးချင်းနိုင်ငံများကြား ကုန်းလမ်းကုန်သွယ်ရေးအခြေအနေများကို ကျယ် ကျယ်ပြန့်ပြန့်လေ့လာသုံးသပ်ထားသလို နိုင်ငံတွင်းပြင်းထန်လာနေသောပြည်တွင်းစစ်က နယ်စပ်ကုန်သွယ် ရေးများအပေါ် မည်မျှအကျိုးသက်ရောက်မှုရှိခဲ့ကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန်ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ရွေးကောက်ခံအရပ်သားအစိုးရကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးစီးသည့် မြန်မာစစ်တပ်ကဖြုတ်ချကာ အာဏာသိမ်းယူပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟူ၍ဖွဲ့စည်းကာ စစ်အုပ်ချုပ်ရေးစတင်ခဲ့သည်။
ISP- Myanmar ကထုတ်ပြန်ခဲ့သော အဆိုပါအစီရင်ခံစာသည် စစ်ကောင်စီအတွက် အံ့ဩစရာမဟုတ် တော့သော်လည်း ၎င်းတို့အတွက် ဖတ်ရအဆင်ပြေမည့် အစီရင်ခံစာတစ်စောင်တော့လည်း မဟုတ်နေပြန် ပါ။ အဘယ်ကြောင့်ဆိုသော် အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးများအား လက်လွှတ်လိုက်ရ သည့် ၎င်းတို့၏ရှုံးနိမ့်မှုများအကြောင်း ဖော်ပြထားသောကြောင့်ဖြစ်သည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်များသည် လက်ရှိအချိန်တွင် တရုတ်- မြန်မာနယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းအားလုံးနီးပါးကို ထိန်းချုပ်ထားသဖြင့် EAO များသည် တရုတ်- မြန်မာနယ်စပ်ကုန်သွယ် ရေးအတွက် တာဝန်အရှိဆုံးအဖွဲ့အစည်းများဖြစ်လာကြသည်ဟု ISP- Myanmar ၏အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားပြီး အဆိုပါကောက်ချက်က မှတ်သားထိုက်သောကောက်ချက်တစ်ခုလည်းဖြစ်သည်။
မြန်မာနိုင်ငံသည် ၎င်း၏အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့နှင့် နယ်စပ်ဂိတ် ၁၇ ဂိတ်ကနေ ကုန်သွယ်မှုများပြုလုပ်ခဲ့သည်။ လက်ရှိအချိန်မှာတော့ တော်လှန်ရေး အင်အားစုများက နယ်စပ်ဂိတ် ၁၇ ဂိတ်အနက် ၅ ခုကို သိမ်းပိုက်ထားနိုင်ခဲ့ပြီလည်းဖြစ်သည်။
တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားနိုင်ခဲ့သော နယ်စပ်ဂိတ် ၅ ဂိတ်မှာ တရုတ်- မြန်မာနယ်စပ် ဂိတ်များဖြစ်ကြသည့် မူဆယ်၊ ချင်းရွှေဟော်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်၊ ထိုင်း- မြန်မာနယ်စပ်ဂိတ်ဖြစ်သော မယ်စဲ့နယ်စပ်ဂိတ်နှင့် အိန္ဒိယ- မြန်မာနယ်စပ်ဂိတ်ဖြစ်သော ရိဒ်ခေါဒါရ်နယ်စပ်ဂိတ်တို့ဖြစ်ကြသည်။
သိမ်းယူနိုင်ခဲ့သည် အထက်ဖော်ပြပါနယ်စပ်ဂိတ် ၅ ဂိတ်အနက်က တရုတ်- မြန်မာနယ်စပ်ဂိတ်များဖြစ်ကြ သည့် မူဆယ်နှင့် ချင်းရွှေဟော်ဂိတ်များအား မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ယမန်နှစ်ကစတင်ခဲ့ သော ‘၁၀၂၇ စစ်ဆင်ရေး’ ပထမလှိုင်းအတွင်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ လွယ်ဂျယ်နယ်စပ်ဂိတ်ကိုတော့ ကချင်လွတ်မြောက်ရေးတပ်မတော်က ပြီးခဲ့သောဧပြီလ၌ သိမ်းပိုက်နိုင်ခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ၃ နှစ်တာကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်များသည် တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးစုစုပေါင်း၏ ၉၁ ရာခိုင်နှုန်းကျော်ရှိသော ကုန်သွယ်မှုလမ်းကြောင်းများကို ထိန်း ချုပ်လာနိုင်ခဲ့သည်ဟု ISP- Myanmar ကထောက်ပြခဲ့သည်။
အဆိုပါ ဆုံးရှုံးမှုများက ဧပြီလ ၁ ရက်ကနေ ဇူလိုင်လ ၁၉ ရက်ကြား တရုတ်နိုင်ငံနှင့် ကုန်းလမ်းကုန်သွယ်မှု စုစုပေါင်း၏ ၄၁ ရာခိုင်နှုန်းကျဆင်းသွားသည်ဟု ထုတ်ပြန်ထားသော စစ်ကောင်စီ၏ထုတ်ပြန်ချက်ကိုလည်း အခိုင်အမာထောက်ခံလျက်ရှိနေသည်။ ပြီးခဲ့သောနှစ်နှင့်နှိုင်းယှဥ်ကြည့်ပါက မူဆယ်နယ်စပ်ကုန်သွယ်ရေး ဂိတ်ကနေ ကုန်သွယ်မှုစုစုပေါင်းက ကန်ဒေါ်လာ ၃၇၁ သန်း (သို့) ၄၆ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့သည်။
၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက် ကနေ ဇူလိုင်လ ၁၉ ရက်အထိ မူဆယ်နယ်စပ်ဂိတ်ကနေ ကုန်သွယ်မှုစုစုပေါင်း က ၇၉၃ သန်းကျော်ရှိပြီး ၂၀၂၄ ခုနှစ် အလားတူကာလမှာတော့ မူဆယ်နယ်စပ်ဂိတ်ကနေ ကုန်သွယ်မှုစုစု ပေါင်းက ၄၂၂ သန်းသာရှိတော့သည်။
၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်ကနေ ဇူလိုင်လ ၁၉ ရက်အထိ မူဆယ်နယ်စပ်ဂိတ်ကနေ တင်ပို့မှု (ပို့ကုန်) စုစု ပေါင်းက ကန်ဒေါ်လာ ၄၁၁ သန်းရှိပြီး သဘာဝဓာတ်ငွေ့တင်ပို့မှုအများစုက တရုတ်နိုင်ငံသို့ဖြစ်သည်။ အဆို ပါကုန်သွယ်မှုများအနက်က သဘာဝဓာတ်ငွေ့တင်ပို့မှုအား ဖယ်ထုတ်လိုက်မည်ဆိုပါက မူဆယ်ဂိတ်ကနေ ကုန်သွယ်မှုမှာ အဆမတန်လျော့နည်းသွားမည်လည်း ဖြစ်ပေသည်။
စစ်ကောင်စီကထုတ်ပြန်သောအစီရင်ခံစာတွင် ချင်းရွှေဟော်နှင့်လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းများ ကနေ ကုန်သွယ်မှုများလျော့ကျသွားသည်ဟုဖော်ပြထားသည်။
တရုတ်နှင့်မြန်မာနိုင်ငံတို့ကြား နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ၆ ခုရှိသည့်အနက် လက်ရှိအချိန်မှာတော့ စစ်ကောင်စီက တစ်ခုတည်းကိုသာ အပြည့်အဝထိန်းချုပ်ထားနိုင်တော့သည်ဟု ISP- Myanmar တွင် မှတ် ချက်ပြုဖော်ပြသည်။
ယင်းတို့အနက် အရေးအကြီးဆုံးလမ်းကြောင်းက မန္တလေးနှင့်တရုတ်နိုင်ငံကို ဆက်သွယ်ပေးထားသော ရှမ်း ပြည်နယ်မြောက်ပိုင်းက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပြီး ယင်းသည်လည်း ‘၁၀၂၇ စစ်ဆင်ရေး’ စတင် ကြောင်းကြေညာချိန်ကတည်းကစ၍ လုံးဝရပ်တန့်သွားပုံပေါ်ပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီသည် ပြင်ဦးလွင်နှင့် နောင်ချိုကြားရှိ အဝေးပြေးလမ်းမကြီး၏ အစိတ်အပိုင်းအနည်းငယ်မျှလောက်ကိုသာ အပြည့်အဝထိန်းချုပ်ထားနိုင်တော့သည်ဟု ISP- Myanmar တွင်ဖော်ပြပြီး ကျန်လမ်းကြောင်းများကတော့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ထိန်းချုပ်မှုအောက် အပြည့်အဝရောက်ရှိသွားပြီဖြစ်သည်ဟု ဖော်ပြထားသည်။
တိုင်းရင်းသားလက်နက်ကိုင်များ၏ ထိန်းချုပ်မှုအောက်မကျရောက်သေးသော နယ်စပ်ဒေသများ၌ပင် လုံခြုံ ရေးဆိုင်ရာအခြေအနေများကြောင့် ကုန်သွယ်မှုက သိသိသာသာကျဆင်းလာနေသည်ကို တွေ့မြင်ရသည်။
မြန်မာစစ်တပ်ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်က စစ်တွေနှင့် မောင်တောမြို့များရှိ နယ်စပ်ကုန်သွယ် ရေးစခန်းများသည်လည်း အာရက္ခတပ်တော်- AA နှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွားဖြစ်ပွားနေချိန် တွင်ပင် ရပ်တန့်သွားခဲ့သည်။ အလားတူ စစ်ကိုင်းတိုင်းဒေသကြီးရှိ အိန္ဒိယနယ်စပ်ဖြစ်သော တမူးနယ်စပ် ဂိတ်တွင်လည်း နှစ်ဖက်ပဋိပက္ခများနှင့်လမ်းခရီးအခက်အခဲများကြောင့် အနည်းငယ်သာလည်ပတ်နိုင်တော့ သည်။
တစ်ချိန်တည်းမှာပင် EAO နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိုင်း- မြန်မာနယ်စပ်မြို့ဖြစ်သောမြဝတီမြို့ အား သိမ်းပိုက်နိုင်ရန်နီးကပ်ခဲ့ချိန်ဖြစ်သော ယမန်နှစ်နှောင်းပိုင်းကစ၍ နယ်စပ်ကုန်သွယ်ရေးများ ပြိုလဲသွား ခဲ့ရသည်။ မြဝတီမြို့အား လက်ရှိအချိန်၌ စစ်ကောင်စီနှင့်မဟာမိတ်ဖြစ်သော ကရင်နယ်ခြားစောင့်တပ်- BGF က အပြည့်အဝထိန်းချုပ်ထားပြီဖြစ်သော်လည်း “မြန်မာဘက်ခြမ်းရှိ မြဝတီ- ကော့ကရိတ် အာရှလမ်း မကြီးအား အသုံးမပြုနိုင်သေးပါ” ဟု ISP – Myanmar ကဖော်ပြခဲ့သည်။
၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်ကနေ ဇူလိုင်လ ၁၉ ရက်အထိ မြဝတီနယ်စပ်ဂိတ်ကနေ ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၅၅၆ သန်းရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ် အလားတူကာလတွင် ကန်ဒေါ်လာ ၇၁ သန်းထိကျဆင်း သွားခဲ့သဖြင့် တစ်နှစ်အတွင်းမှာပင် ၈၇ ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးရှိ ထီးခီးနယ်စပ်ဂိတ်တွင်လည်း ကုန်သွယ်မှုပမာဏက ၅၅ ရာခိုင်နှုန်းကျဆင်းသွား ခဲ့သည်။ နောက်ဆုံး ၃ လပတ်အတွက်မှတ်တမ်းတင်ထားသော ပို့ကုန်ဒေါ်လာသန်း ၅၇၀ အနက် အများစုက ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုဖြစ်သည်။
တရားဝင်နယ်စပ်ကုန်သွယ်ရေးပြိုလဲသွားခြင်းကြောင့် ရရှိလာသောရလဒ်တစ်ခုက အဆိုပါ နယ်စပ်ဒေသ များ၌ ကာလရှည်ကြာစွာကပင်ထွန်းကားခဲ့သော တရားမဝင်ကုန်သွယ်ရေးများကလည်း အခြေအနေများ ပို မိုဆိုးရွားသွားစေရန် တွန်းပို့နေသကဲ့သို့ပင်။
လက်ရှိအချိန်တွင် “တရားမဝင်ကုန်သွယ်ရေးက နယ်စပ်ကုန် သွယ်မှုစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းခန့်ရှိနေပြီး တရားဝင်ကုန်သွယ်ရေးက ၂၀ ရာခိုင်နှုန်းသာရှိတော့သည်” ဟု ISP- Myanmar ကခန့်မှန်းထားသည်။ (ယ ခင်ကတော့ ယင်းအချိုးနှင့်ပြောင်းပြန်ဖြစ်သည်)
စစ်ကောင်စီသည် ၎င်းတို့ဆုံးရှုံးသွားခဲ့သောကုန်းလမ်းနယ်စပ်ကုန်သွယ်ရေးကို ထေမိစေရန်အတွက် ရှမ်း ပြည်နယ်အရှေ့ပိုင်းရှိကျိုင်းတုံမြို့ကို ဖြတ်ကာတရုတ်နိုင်ငံနှင့်ကုန်သွယ်မှုပြုလုပ်နိုင်ရန်လည်း ကြိုးပမ်းနေပါ သည်။
လက်ရှိအခြေအနေများအရ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ အဆိုပါလမ်းကြောင်းသည် တရုတ်နှင့်ကုန်သွယ်ရန် အတွက် အဓိကကျသောအနာဂတ်ကုန်သွယ်မှုလမ်းကြောင်းတစ်ခုအဖြစ်ရှုမြင်နိုင်သော်လည်း အကယ်၍ သာ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်တောင်ပိုင်းတွင် ပဋိပက္ခများကြီးမားလာမည်ဆိုပါက ၎င်းလမ်းကြောင်းက လည်း အဆင်ပြေပါ့မလားဟု မေးခွန်းထုတ်စရာရှိလာသည်။
မည်သို့ပင်ဆိုစေကာမူ အဆိုပါလမ်းကြောင်းသည် တရုတ်နှင့်ကုန်သွယ်ရာတွင် ရှမ်းပြည်မြောက်ပိုင်းလမ်း ကြောင်းထက် ခရီးပိုမိုရှည်လျားသည့်အပြင် ကုန်ကျစရိတ်လည်းပိုမိုကြီးမြင့်နေပါသည်။ ထို့အတူ ထိုင်းနယ် စပ်ဖြစ်သော မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင်လည်း ကုန်တင်ယာဥ်ကြီးများအစား ကုန်တင် ယာဥ်ငယ်များအစားထိုးဖို့လိုအပ်သည်။
ထို့ပြင် လက်နက်ကိုင်အဖွဲ့အသီးသီးကလည်း လမ်းကြောင်းတလျှောက် အခွန်များကောက်ခံလေ့ရှိကြသည်။ အာဏာသိမ်းစစ်ကောင်စီသည် တရုတ်နိုင်ငံတောင်ပိုင်းကနေ လေကြောင်းဖြင့် ကုန်စည်တင်ပို့မှုတိုးမြှင့်ရန် ကြိုးပမ်းနေပြီး ယင်းကလည်း ကုန်ကျစရိတ်ပိုမိုများပြားနေပြန်သည်။
EAO များသည် တရုတ်နိုင်ငံနှင့်နယ်စပ်ကုန်သွယ်ရေးကိုထိန်းချုပ်ထားသော်လည်း မည်မျှအတိုင်းအတာ အထိ အကျိုးအမြတ်ရရှိနေသည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါ။
နယ်စပ်ကုန်သွယ်ရေးများပြန်လည်စတင်နိုင်ရန် တစ်စိတ်တစ်ပိုင်းရည်ရွယ်ထားသော ဟိုင်ဂင်သဘောတူညီ ချက်ဖြင့် နယ်စပ်ကုန်သွယ်ရေးများပြန်လည်စတင်ဖို့ပြင်ဆင်နေချိန်မှာပဲ ယခုနှစ် ဇွန်လတွင် ‘၁၀၂၇ စစ်ဆင် ရေး’ ဒုတိယလှိုင်းစတင်ခဲ့သည်။ ယင်းက တရုတ်ကို ဒေါသထွက်စေခဲ့ပြီး ညီနောင်မဟာမိတ်ထိန်းချုပ်ထား သော နယ်စပ်ဖြတ်ကျော်မှုများကိုလည်း တရုတ်ကပိတ်ပစ်လိုက်သည်။
စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့များကြား နောက်ထပ်သဘောတူချက်အသစ်တစ်ခုဖြင့် နယ်စပ်ကုန် သွယ်ရေးများ ပြန်လည်စတင်နိုင်ဖွယ်ရှိသော်လည်း ယခုနောက်ပိုင်းပေါ်ပေါက်လာသော အခင်းအကျင်းသစ် တစ်ခုဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို တိုက်ခိုက်မှုများဆောင်ရွက်မည်ဆိုခြင်းကြောင့် နယ် စပ်ကုန်သွယ်ရေးများက ဆက်ပြီးပြိုလဲနေဦးမည့်ပုံပေါ်ပါသည်။
အကယ်၍ နယ်စပ်ကုန်သွယ်ရေးများပြန်လည်စတင်နိုင်ခဲ့လျှင်လည်း ရှမ်းနှင့်ကချင်ပြည်နယ်များရှိ EAO များအတွက် ဝင်ငွေအရင်းအမြစ်တိုးလာမည်သာဖြစ်သည်။ စစ်ကောင်စီသည် မကြာသေးခင်ကမှ ၎င်းတို့ ဆုံးရှုံးခဲ့ရသော ဆုံးရှုံးမှုများအား ပြန်လည်သိမ်းပိုက်ရန် အလားအလာနည်းပါးနေပါသေးသည်။
ဖော်ပြပါအချက်အလက်များအားလုံးက စစ်ကောင်စီ၏ စီးပွားရေးကျဆင်းနေမှုများကိုဖော်ပြနေပြီး ယင်း သည်ပင် စစ်ကောင်စီအတွက် သင်္ချိုင်းလည်းဖြစ်နေပါသည်။ သို့မဟုတ်ပါကလည်း စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏အုပ်ချုပ်ရေး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် လုံလောက်သောစီးပွားရေးအရဖြေရှင်းနည်းမျိုး ရှိလာနိုင်ပါသည်။
ထိုသို့သောဖြေရှင်းနည်းများတွင် ၎င်းတို့ထိန်းချုပ်မှုအောက်ရှိဒေသများကနေတဆင့် မှောင်ခို သို့မဟုတ် အစားထိုးကုန်သွယ်မှုများလည်း ပါဝင်လာနိုင်သည်။ စစ်ကောင်စီသည် မကြာခင်မှာတော့ အဆိုပါနည်းလမ်း များအား စမ်းသပ်မည့်ပုံပေါ်နေပါသည်။
Ref : ISP – Myanmar, The Diplomat