သံလွင်ခက်။
ဧပြီ ၆၊ ၂၀၂၃။
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ၊ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး ဧပြီလ ၅ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၄ ကြိမ်ပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
လေကြောင်းတိုက်ခိုက်မှု မတိုင်ခင် ယမန်နေ့ မွန်းလွဲပိုင်းက စီသာကျေးရွာကိုလက်နက်ကြီးများ ပစ်ခတ်ကာ မံဝိန်းကျေးရွာမှ တစ်ဆင့် ခြေလျင်စစ်ကြောင်းထိုးလာသဖြင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် မွန်းလွဲ ၁ နာရီခွဲခန့်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူးတစ်ဦးသေဆုံးခဲ့ပြီးနောက် လေကြောင်းဖြင့် ဆက်တိုက်လေးကြိမ်တိုင်လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီ လေကြောင်း ပစ်ခတ်မှုကြောင့် ရွှေကူမြို့နယ် စီသာကျေးရွာက လူနေအိမ် ၂၀ လုံးကျော် မီးလောင်ပျက်စီးခဲ့ပြီး တိုက်နယ်ဆေးရုံလည်း ပျက်စီးသွားသည်ဟု ရှေ့တန်းရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“လေယာဉ်တစ်ခါလာရင် နှစ်စီးနဲ့ တစ်ခါပစ်ရင် ၆ လုံးပစ်တယ်။ မနေ့ညတော့ စုစုပေါင်း ၄ ခါ လာပစ်တယ်။ ည ၈နာရီလောက်မှာကို တစ်ကြိမ်ပစ်တယ်။ နောက်ဆုံးပစ်တာက တစ်စီးတည်း လာပစ်သွားတာ” ဟုပြောသည်။
လေကြောင်းပစ်ခတ်မှုကြောင့် စီသာကျေးရွာအပြင် ရွာချင်းကပ် မံနားကျေးရွာက လူနေအိမ်အချို့လဲ မီးလောင်ပျက်စီးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
စီသာကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းသည် တပ်မ (၈၈) လက်အောက်ခံ စစ်ကြောင်းဖြစ်ပြီး ရှေ့တစ်ပတ်မှစတင်ကာ မံဝိန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားခြင်း ဖြစ်သည်ဟုကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။
ရွှေကူမြို့နယ်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲပြင်းထန်နေသည်မှာ နှစ်ပတ်ခန့်ရှိပြီဖြစ်သည်။
လတ်တလောတိုက်ပွဲများကြောင့် ရွှေကူမြို့နယ် နန့်လှန်ကျေးရွာ၊ စီမူကြီးကျေးရွာ၊ စီမူလေးကျေးရွာ အပါအဝင် မံဝိန်းကျေးရွာ၊ စီသာကျေးရွာနှင့် စီသောင်ကျေးရွာက ဒေသခံတစ်သောင်းခန့်မှာလည်း တိုက်ပွဲတိမ်းရှောင်နေရဆဲဖြစ်သည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.com/?p=3403
Website ->https://eng.thanlwinkhet.net