နန်းဆုပန်ခန့်
ဧပြီ ၆ ၊ ၂၀၂၃ ။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုမြို့သစ်အနီး၌ ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးလာသည့် ဒေသခံ ၅၀၀၀ ဦးကျော်ရှိနေပြီဟု စစ်ရှောင်များကို ကူညီနေသူများထံက သိရသည်။
ထိုင်း–မြန်မာနယ်စပ်မြို့ မြဝတီမြို့အနီးရှိ မဲကနယ်၊ ကုန်သွယ်ရေးဇုန်နှင့်သင်္ကန်းညီနောင် တို့တွင် ပြီးခဲ့သည့်မတ်လ နောက်ဆုံးပတ်မှစ၍ တိုက်ပွဲများဖြစ်ပွားနေခဲ့ရာမှ ယမန်နေ့တွင် ကုက္ကိုမြို့သစ်အနီးထိတိုက်ပွဲများကူးဆက်လာခြင်းဖြစ်သည်။
ရွှေကုက္ကိုမြို့သစ်နှင့် ၆မိုင်ကျော်ကွာဝေးသည့် ထီးကော်ထောကျေးရွာရှိ BGF စခန်းနှစ်ခုကို ယမန်နေ့ ဧပြီ ၅ရက်နံနက်အစောပိုင်းတွင် KNLA နှင့်PDF ပူးပေါင်းစစ်ကြောင်းများက တိုက်ခိုက်ခဲ့ရာမှ တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်။
စစ်ကောင်စီတပ်က နေ့လည် ၁၂ နာရီခန့်တွင် လေကြောင်းမှလာရောက်တိုက်ခိုက်ခဲ့သည့်အထိ ပြင်းထန်ခဲ့သည့်ရွှေကုက္ကိုမြို့သစ်အနီးတိုက်ပွဲကြောင့်ထီးကော်ထော်၊ ကော့ကော်၊ ထီ့ချလာ၊ မယ့်ပလယ်၊ သဲပုံ၊ ရေတံခွန်၊ ရေတွင်းဖြူ၊ ကျောက်ဖျာကျေးရွာများအပါအဝင်ကျေးရွာ၁၀ရွာမှ ဒေသခံ ၅၀၀၀ဦးကျော် ထိုင်းနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးရှောင်တိမ်းနေကြရသည်။
” အဖိုးတို့ပြေးလာတော့ ထိုင်းစစ်သားတွေက အဖိုးတို့ကမ်းကူးဖို့အတွက်ကူညီပေးနေတယ်၊၊ သူတို့ဘက်ကဒီလိုလုပ်ပေးတာတွေ့ရတော့ဝမ်းသာတယ်၊၊ဒါပေမယ့် အဖိုးတို့ဒီမှာဘယ်လောက်ကြာကြာနေရမလဲမသိဘူး၊၊ အလှူရှင်တွေကလည်းဘယ်အချိန်ထိကျွေးနိုင်မလဲမသိဘူး၊၊ ဘာပဲဖြစ်ဖြစ်ကျေနပ်တယ်လေ” ဟု အသက် ၇၂ နှစ်အရွယ်စစ်ရှောင်အဖိုးတစ်ဦးကပြောသည်။
မြဝတီမြို့နယ်အတွင်းဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ထိုင်း–မြန်မာနယ်စပ် သောင်းရင်းမြစ်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းရှိ နွားခြံ၊ ဆိတ်ခြံများအပါအဝင် စစ်ရှောင်နေရာ ၈ ခုခန့်တွင်ဒေသခံများယာယီခိုလုံနေကြရသည်။
” မနေ့ကတနေကုန်နေပူထဲမှာပြေးလာရတာ၊၊ သဲသောင်ပြင်မှာလည်းဟုတ်တယ်။ နေပူဒဏ်နဲ့ ရေကလည်းကူးလာရတာနဲ့ ကမန်းကတန်းပြေးလာတာဆိုတော့ ဖိနပ်လည်းမပါကြဘူး ” ဟု နောင်ဘိုတဲ(သဲပုံနွားခြံကုန်း)စစ်ရှောင်စခန်းတာဝန်ရှိသူက ပြောသည်။
အဆိုပါ နောင်ဘိုတဲ(သဲပုံနွားခြံကုန်း)စစ်ရှောင်စခန်းတွင် ယမန်နေ့ ညနေပိုင်းအထိ စစ်ရှောင် ၅၀၀ ဦးခန့်ရှိပြီးယနေ့တွင်စစ်ရှောင်တစ်ရာကျော်ထပ်တိုးလာ၍ စစ်ရှောင် ၆၀၀ ဦးကျော်ရှိသည်။
စစ်ရှောင်များသည်နေပူ၊ သဲသောင်ပြင်အပူများကြားမှ သောင်ရင်းမြစ်အတွင်း ဖြတ်ကူးလာကြရသောကြောင့် ထိုစစ်ရှောင်စခန်း၌ မွေးကင်းစကလေးငယ်အပါအဝင် ၅နှစ်အောက်ကလေးငယ်၁၀ဦး အဖျားရောဂါခံစားနေရသည်ဟု စခန်းတာဝန်ခံကပြောသည်။
စစ်ရှောင်များသည် အရေးပေါ်ထွက်ပြေးလာကြရသဖြင့် ကလေးငယ်များနှင့်သက်ကြီးများပိုင်းများအတွက်ဆေးဝါး၊ နို့မှုန့်၊ အဟာရမှုန့်များ လိုအပ်သည်ဟု စစ်ရှောင်စခန်းတာဝန်ခံက ပြောသည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.com/?p=3406
Website ->https://eng.thanlwinkhet.net