Saw Smith
ဧပြီ ၁၉ ၊ ၂၀၂၃ ။
ထိုင်း–မြန်မာနယ်စပ်မြဝတီမြို့အနီးတွင် ယနေ့နံနက် ၆နာရီခွဲကျော်အချိန်ကတည်းက လက်နက်ကြီးများဖြင့်တောက်လျောက်ပစ်ခတ်နေပြီး နာရီဝက်အတွင်း၌ပင် အချက်ရေ ၂၀ ခန့်ရှိသည်ဟု မြဝတီမြို့အနီး မဲကနယ်ဒေသခံ အသက်၇၀ ကျော်အရွယ်အဘိုးက သံလွင်ခက်ကိုပြာသည်။
မြဝတီမြို့အနီးတွင် ယခုလ ၁ရက်မှ ၁၃ရက်အထိ KNLA၊ PDF ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်၊BGFတပ်တို့ နေ့စဥ်နီးပါးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရက်အနည်းငယ်ပြန်ငြိမ်ခဲ့ပြီးနောက် ယမန်နေ့တွင် ထိတွေ့မှုထပ်မံဖြစ်ပွားခဲ့သည်။
ယမန်နေ့ဧပြီ၁၈ရက် နံနက် ၆နာရီခွဲခန့်တွင် မြဝတီမြို့အနီး မဲကနယ်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်က KNU ယူနီဖောင်းများဝတ်၍ စစ်ကြောင်းထိုးလာသောကြောင့် ထိတွေ့မှုဖြစ်ခဲ့သည်ဟု ဘော်ဘရာစစ်ကြောင်း ၂ ဖြစ်သည့် Venom စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ထိုထိတွေ့မှုအတွင်း စစ်ကောင်စီတပ်ဘက်က အကျအဆုံးများပြီး ၄၀ မမ တစ်လက်နှင့် AKတစ်လက်တို့ကိုသိမ်းဆည်းရမိခဲ့သည်ဟု Venomစစ်ကြောင်းကဖော်ပြထားသည်။
” လက်နက်ကြီးတွေနဲ့က မနေ့ကတည်းကပစ်နေတာ။ ညကလည်းပစ်တယ်။ အခုမနက်လည်း အစောပိုင်းထဲကတောက်လျောက်ပစ်နေတာ အချက်ရေများတယ် “ဟု မဲကနယ် ဒေသခံအဘိုးတစ်ဦးကပြောသည်။
ပူးပေါင်းစစ်ကြောင်းများသည် ပြီးခဲ့သော မတ်လ ၂၅ရက်၌ မြဝတီကုန်သွယ်ရေးဇုန်တိုက်ပွဲစတင်ခဲ့ပြီးနောက် မြဝတီမြို့အနီးနေရာအများစုကိုဖြန့်ကျတ်၍ စစ်ကောင်စီတပ်နှင့်BGF တပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ ယခုလအစပိုင်းတွင် တိုက်ပွဲတောက်လျောက်ဖြစ်ပွားခြင်းဖြစ်သည်။
မဲကနယ်တိုးချဲ့ရပ်ကွက်မြို့သစ်ဘက်အထိ နေရာယူခဲ့သောပူးပေါင်းစစ်ကြောင်းများက လက်ရှိတွင်အတွင်းမဲကနယ်ဘက်အထိပြန်ဆုတ်ထားပြီး BGF ၁၀၂၂ တပ်ရင်း ဗိုလ်မုတ်သုန်၏ ဧရိယာတစ်ဝိုက်တွင် စစ်ရေးတင်းမာနေဆဲဖြစ်သည်။
အဆိုပါ အတွင်းမဲကနယ်နှင့်ကျောက်တောင်များဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့်ပစ်ခတ်တိုက်ခိုက်နေသလို စစ်ကြောင်းများလည်းထိုးရန်ကြိုးစားနေသည်။
” လက်နက်ကြီးကတော့ ပတ်ပတ်လည်ကနေပစ်နေတာ။ ၂၇၅ တပ်တို့ ဗျူဟာကုန်းတို့ကလည်းပစ်တယ်။ ကြက်ကင်ကုန်းဘက်ကလည်းပစ်တယ်။ မစ်ဆိုင်းလိုအတွဲလိုက်ပစ်တဲ့ဟာနဲ့ ၃ လုံးတွဲ၄လုံးတွဲအဲ့လိုမျိုးထိပစ်တယ် “ဟု
ရှေ့တန်းစစ်မြေပြင်မှ PDF ရဲဘော်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
မြဝတီမြို့အနီးတိုက်ပွဲများတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများကို အလွန်အကျွံအသုံးပြုပစ်ခတ်နေသည့်အပြင် တိုက်လေယာဥ်များဖြင့်လည်း အကြိမ်ကြိမ်လာရောက်ပစ်ခဲ့မှုများပြုလုပ်ခဲ့သောကြောင့် မြဝတီမြို့တွင်းရှိဒေသခံတချို့မှာပင် ထွက်ပြေးရှောင်တိမ်းနေကြရသည်။
မြဝတီမြို့အနီးရှိ ထောင်ချီရှိသော မဲကနယ်ဒေသခံများမှာ ပြီးခဲ့သော မတ်လ၂၅ ရက်ကုန်သွယ်ရေးဇုန်တိုက်ပွဲကတည်းက ယနေ့ထိနေ့ရပ်မပြန်နိုင်သေးဘဲ နီးစပ်ရာနေရာများတွင် ရှောင်တိမ်းနေကြရဆဲဖြစ်သည်။
ပုံစာ–ယခုလအတွင်းမြဝတီမြို့အနီးတိုက်ပွဲများနှင့်စစ်ကောင်စီတပ်စစ်ကြောင်းများကြောင့် နေအိမ်များမီးလောင်နေမှု။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3629
Website ->https://eng.thanlwinkhet.net