Saw Smith
ဧပြီ ၁၉ ၊ ၂၀၂၃ ။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်အတွင်းကို စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ လက်နက်များပစ်ခတ်၍ကျေးရွာများအတွင်း စစ်ကြောင်းထိုးလာသောကြောင့် ပြည်သူနှစ်သောင်းကျော် ဘေးလွတ်ရာထွက်ပြေးနေကြရသည်ဟု စစ်ရှောင်များကိုကူညီပေးနေသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
ရေဥဦးမြို့မှထွက်လာသောအင်အား(၁၀၀) ကျော်ပါ စစ်ကြောင်းသည် ယနေ့ ဧပြီလ ၁၉ရက် နံနက်(၆)နာရီဝန်းကျင်အချိန်တွင် ခင်ဦးမြို့နယ် အနောက်ခြမ်း ရွာသစ်ကုန်းပျူရွာသို့ ရောက်ရှိကာ မြင်းဒေါင်းကျေးရွာအရှေ့ဘက် ရေဦး–ခင်ဦး ကားလမ်းပေါ်ရှိ မူးတိမ်ချောင်းတံတား၌ အထိုင်ချနေသော စစ်ကောင်စီတပ်သားများနှင့်ပူးပေါင်း၍ မြကန်ကျေးရွာကိုစစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။
အဆိုပါမြကန်ကျေးရွာသည် ရွာသစ်ကုန်းပျူစောထီးရွာ အရှေ့တောင်ဘက် ပေ(၅၀၀၀) ခန့်သာ ဝေးသော ခင်ဦး–မုံရွာရထားသံလမ်းဘေးတွင်ရှိပြီး စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းက လက်နက်များပစ်ခတ်၍ နံနက် ၈ နာရီခန့်တွင်စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံ ကိုနေသူရိန်က သံလွင်ခက်ကိုပြောသည်။
” ပြောမယ်ဆိုရင် သုံးဖွဲ့ပေါင်းပြီးဝိုင်းတာပေါ့နော်။ PDF တွေကမိုင်းဆွဲပြီးဆုတ်တဲ့အခါမှာ ဆုတ်လမ်းကအကာအကွယ်မရှိဘဲ ကွင်းပြင်ကိုဆုတ်ရတော့ နောက်ကလိုက်ပစ်ခံရပြီး ရဲဘော်၅ဦးကျဆုံးခဲ့တာ “ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းပိတ်ဆို့ပစ်ခတ်မှုကြောင့် PDF တချို့ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ရဲဘော်တရုတ်ကြီး၊ ရဲဘော်မိုးဟိန်း၊ ရဲဘောဖိုးကျော်၊ ရဲဘော်ကိုနောင်၊ ရဲဘော်ကျော်နိုင်တို့ကျဆုံးခဲ့သည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ပူးပေါင်းစစ်ကြောင်းထိုးမှုကြောင့် ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းရှိ အင်းပတ်ကျေးရွာ၊မြကန်ကျေးရွာ၊ကုန်းသာကျေးရွာ၊ မရမ်းအင်းကျေးရွာ၊ချမ်းသာကုန်းကျေးရွာ၊ညောင်ပင်ခြံကျေးရွာ၊ဆည်ကြီးကျေးရွာ၊သဲကုန်းကြီးကျေးရွာ၊မုံတောရွာ၊ဒါန်းကုန်းရွာ၊အောင်သာရွာ၊အင်းပေါက်ရွာ၊ကျွန်းဆွယ်ရွာ၊ကျွန်းလယ်ရွာ၊သိမ်တော် ရွာ၊ ကြာပင်အိုင်ရွာ တို့မှ ဒေသခံ၂သောင်းကျော်တို့ ဘေးလွတ်ရာထွက်ပြေးခဲ့ကြရသည်။
ထွက်ပြေးရသူများတွင် သက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင်မိခင်နှင့် သွေးနုသားနုမိခင်များ၊ကလေးငယ်များပါဝင်ပြီး နွေရာသီ နေပူထီးထီးထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသောကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများအပါအဝင် အခက်အခဲများနှင့်ကြုံနေရသည်ဟု မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံ ကိုနေသူရိန်ကပြောသည်။
ထို့အပြင်စစ်ကြောင်းနှင့်အတူ ဒေသခံအမျိုးသား ပြည်သူ၅ဦး ဖမ်းဆီးခံရပြီး လက်ရှိတွင်အဆိုပါစစ်ကြောင်းသည်ကျွန်းလယ်ရွာဘုန်းကြီးကျောင်းမှ သဲကုန်းရွာဘုန်ကြီးကျောင်းသို့ တပ်ရွေ့သွားသည်ဟု သိရသည်။
ထိုစစ်ကြောင်းသည် အနီးနားဝန်းကျင်ရှိကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ယမ်းသမ်းပစ်ခတ်နေသောကြောင့် ယခုညပိုင်းအထိ ဒေသခံထောင်ချီ၍ နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာရှောင်တိမ်းနေကြဆဲ ဖြစ်သည်ဟု သိရသည်။
ယခုသတင်းတွင် စိတ်မချမ်းမြေ့ဖွယ် သတင်းဓာတ်ပုံပါရှိပြီး အဆိုပါသတင်း၊ဓာတ်ပုံအား သံလွင်ခက်၏ဝက်ဆိုက်နှင့်တယ်လီဂရမ်တို့တွင် ကြည့်ရှု့နိုင်သည်။
ဓာတ်ပုံ–ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3656
Website ->https://eng.thanlwinkhet.net