Saw Smith
ဧပြီ ၂၀ ၊ ၂၀၂၃ ။
ထိုင်း–မြန်မာနယ်စပ် မြဝတီမြို့အနီးတိုက်ပွဲများ၌ အထိနာနေသောစစ်ကောင်စီတပ်များသည် ယမန်နေ့ညပိုင်းတွင်လည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းမှ ရှေ့တန်းရဲဘော်တစ်ဦးကသံလွင်ခက်ကိုပြောသည်။
မြဝတီမြို့အနီး မဲကနယ်ကျေးရွာဘက်ရှိ ကျောက်မိုင်းများဒေသ၌ KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်၊BGFတပ်တို့ ယမန်နေ့နှင့်ဧပြီ ၁၈ရက်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုနှစ်ရက်ဆက်တိုက်ပွဲတွင်း၌စစ်ကောင်စီတပ်ဘက်မှ ၂၄ ဦးသေဆုံး၍ ၂၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ထို့ပြင်လက်နက်မျိုးစုံ ၆လက်၊ခဲယမ်းနှင့်စစ်ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်။ ပူးပေါင်းစစ်ကြောင်းဘက်မှရဲဘော်နှစ်ဦးကျဆုံး၍ ရဲဘော်၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
” ကျဆုံးတာက Venomစစ်ကြောင်းက ရဲဘော်တစ်ဦးနဲ့ အခြားစစ်ကြောင်းက ရဲဘော်တစ်ဦး။ ကော်ဘရာကအထိခိုက်တော့ရှိတယ် “ဟု ကော်ဘရာစစ်ကြောင်းရဲဘော်တစ်ဦးကသံလွင်ခက်ကိုပြောသည်။
မြဝတီမြို့အနီး ကုန်သွယ်ရေးဇုန်တွင် ပြီးခဲ့သောမတ်လ ၂၅ရက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပူးပေါင်းစစ်ကြောင်းများက မြဝတီမြို့အနီးနေရာများကိုဖြန့်ကျက်နေရာယူ၍ စစ်ကောင်စီတပ်နှင့်BGF စခန်းများကိုတိုက်ခိုက်နေရာ ယခုလအတွင်း၌ ပြင်းထန်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။
တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊Federal Wings၊ Golden Eagle၊ ရောင်နီ စသည်တို့ပါဝင်သော တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီ၊BGFတပ်တို့သည် ယခုလ ၁ရက်မှ ၁၃ရက်အထိ နေ့စဥ်နီးပါးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်နှင်BGFတို့မှ ၄၅ ဦးသေဆုံး၍ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟုပူးပေါင်းစစ်ကြောင်းများက သတင်းထုတ်ပြန်ထားသည်။ ပူးပေါင်းစစ်ကြောင်းအဖွဲ့မှ ရဲဘော် ၇ဦးကျဆုံးခဲ့သည်။
မြဝတီမြို့အနီးတွင် သင်္ကြန်ကာလအတွင်း၌ တိုက်ပွဲအနည်းငယ်ပြန်ငြိမ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်ကလက်နက်ကြီးပစ်ကူယူ၍ မဲကနယ်ကျေးရွာအနီး ကျောက်မိုင်းနေရာများဘက်သို့စစ်ကြောင်းထိုးလာသောကြောင့်ဧပြီ၁၈ ရက်မှစ၍တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။
” လက်နက်ကြီးက အတွဲလိုက်ဟာတွေနဲ့ကို ပစ်တာ။ နေ့တိုင်းလိုလိုကြားနေရတာ။ ညကလည်း ၁၀ နာရီကျော်အထိပစ်သံတွေကြားရတယ်” ဟု မြဝတီမြို့တွင်း၌နေထိုင်သူ အသက်၃၀အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။
ပူးပေါင်းတပ်များရှိရာအတွင်းမဲကနယ်ကျေးရွာဘက်သို့စစ်ကောင်စီ၏ ခလရ၂၇၅၊ ခမရ ၃၅၅၊ ခလရ၁၀၂၊ မ(၂)၊ခလရ(၂၀၇)၊ BGF(၁၀၁၉) တပ်ရင်းတို့က လက်နက်ကြီးများကို နေ့ရောညပါပစ်ခတ်၍ စစ်ကြောင်းထိုးနေသည့်အပြင် ထိတွေ့တိုက်ပွဲအတွင်း၌လည်း လေကြောင်းမှ အကြိမ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီဘက်က တစ်ရက်တည်း ၂၀ ဦးထိသေဆုံးသော ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ကအထိနာသဖြင့် နံနက်ပိုင်းကတည်းက လေကြောင်းမှ ၅ ကြိမ်ထက်မနည်းလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ပုံစာ–ပြီးခဲ့သောနှစ်ရက်တာ မြဝတီမြို့အနီးတိုက်ပွဲ၌ သိမ်းဆည်းရမိသော လက်နက်၊ ခဲယမ်းများနှင့် ပူးပေါင်းစစ်ကြောင်း။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3660
Website ->https://eng.thanlwinkhet.net