သံလွင်ခက်။
ဧပြီ ၂၁၊ ၂၀၂၃။
မကွေးတိုင်း၊ ထီးလင်းမြို့နယ် ၊အနောက်ခြမ်း လောင်းဘိုလေးကျေးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးရုံးနှင့် စစ်ရှောင်ကွပ်ကဲရေးရုံး အဖြစ် ပူးတွဲဆောက်လုပ်ထားသည့် အဆောက်အဦးကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြော သည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွင် ၃ ဦးသေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထီးလင်း ယောတော်လှန်ရေးတပ်ဖွဲ့ (YRA)ပြောရေးဆိုခွင့်ရှိသူက သံလွင်ခက်ကို ပြောသည်။
၎င်းက ” ရုံးတစ်ခုလုံးလည်းပျက်စီးသွားတယ်။ သေဆုံးတာကတော့ ရုံးဝန်ထမ်း ရဲဘော်လို့လည်းပြောလို့ရတယ်။အမျိုးသား ၂ ဦးနဲ့ မိန်းကလေးတစ်ယောက် ဆုံးတယ်။ ထိခိုက်ဒဏ်ရာရတာကတော့ ၁၂ယောက်ရှိတယ်။ အဲ့ထဲမှာပအဖ တာဝန်ခံနဲ့ စစ်ရှောင်စခန်းတာဝန်ခံလည်းပါတယ် ” ဟုဆိုသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၂ ဦးထဲမှ ၄ ဦးသည် ဒဏ်ရာပြင်းထန်ပြီး ယင်းထဲမှ တစ်ဦးသည် ပေါင်ကျိုးခဲ့သည်ဟု၎င်းက ဆက်ပြောသည်။
ဧပြီလ၊ ၂၀ ရက် ၊နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်တွင် ထီးလင်းမြို့နယ် အနောက်ခြမ်း လောင်းဘိုလေးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးရုံးနှင့် စစ်ရှောင်ကွပ်ကဲရေးရုံးအဖြစ် ပူးတွဲဆောက်လုပ်ထားသည့် အဆောက်အဦးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ်တိုင် တိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၊၁၆ ရက်နေ့တွင် ထီးလင်းမြို့နယ် ၊ ထလင်းကျေးရွာအနီး ဖမ်းဆီးခံခဲ့ရသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သတင်းရရှိပြီး တိုက်ခံရခြင်းဖြစ်နိုင်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ခန့်မှန်းပြောဆိုသည်။
၎င်းက “ ရွာကိုဝင်စီးတုန်းကလည်း ပကဖ အဖွဲ့ဝင် နှစ်ယောက်ဖမ်းခံရတယ်။ အဲ့ကနေတစ်ဆင့် သူတို့ သတင်းနှိုက်ပြီး အတိကျလာကြဲတာမျိုး အဲ့လိုလည်း ယူဆတယ် ” ဟုဆိုသည်။
လေကြောင်း တိုက်ပြီးနောက် ယနေ့တွင် ထီးလင်းမြို့နယ်မြောက်ပိုင်း ပဇင်းချောင်ရွာမှ စစ်ကြောင်းထိုးထွက်ခွာလာသည့် အင်အား ၁၅၀ ပါ စစ်ကြောင်းသည်လည်း လောင်းဘိုလေးကျေးရွာအနီး ရောက်ရှိနေပြီဖြစ်သည်ဟုဒေသခံတစ်ဦးက ပြောသည်။
၎င်းက ” ဒီနေ့ ဝေဟင်က မလာဘူး ။ မြေပြင် စစ်ကြောင်းကတော့ အင်အား ၁၅၀လောက်နဲ့ စစ်ကြောင်းထိုးနေတယ်။ အခု လောင်းဘိုလေးရွာရဲ့ တောင်ဘက် တစ်မိုင်ကျော် အကွာလောက်ကိုရောက်နေပြီ။ ” ဟုဆိုသည်။
လေကြောင်းတိုက်ခံရမှု၊ မြေပြင်စစ်ကြောင်းထိုးနေမှုအခြေအနေများကြောင့် ထီးလင်းမြို့နယ်အတွင်းရှိ လောင်းဘိုလေးရွာ၊အိုင်းမရွာ၊အကြည်ဝါးဘင်းရွာ၊ဝါးဘိုးချောင်ရွာ၊ပဇင်းချောင်ရွာ၊ဇီးတောရွာ၊ရွေခုံတိုင်ရွာ၊အုန်းတောရွာ၊ထန်းပင်ကုန်းရွာ၊ဝက်သက်ရွာ ၄ ရွာ၊တောရောင်းရွာ၊ပုဏ္ဏားရွာ၊ထလင်းရွာ အပါအဝင်ရွာပေါင်း ၁၆ ရွာမှ လူဦးရေ၅၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
လက်တလော တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် ဆေးဝါးနှင့် ရိက္ခာ အရေးပေါ်လိုအပ်နေသည်ဟု စစ်ရှောင်ကူညီသူများက ပြောသည်။
ပုံစာ – လေကြောင်းတိုက်ခံရပြီးနောက် ပျက်စီးသွားသည့် ပအဖ၊ စစ်ရှောင်ကွပ်ကဲရေး ပူးတွဲရုံးမြင်ကွင်း။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3708
Website ->https://eng.thanlwinkhet.net