သံလွင်ခက်။
ဧပြီ ၂၃၊ ၂၀၂၃။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ၊ရိုးကြီးရပ်ကွက်တွင် ယနေ့နံနက် ၁၁ နာရီခန့်က လက်နက်ကြီး လေးလုံးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံပြည်သူ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ဒဏ်ရာရသူများအနက် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှု ပြင်းထန်သည်ဟု ရိုးကြီးရပ်ကွက်နေ ဒေသခံ အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ဘယ်ကမှန်းမသိဘူး၊ လမ်းနားမှာ ဆိုင်ကယ်ရပ်ပြီး ဖုန်းဆက်နေတာ သားအမိနှစ်ယောက်ထိသွားတယ်။ သူ့တို့ကထိသွားပြီ ဆေးရုံပို့ပေးပါဦးဆိုပြီး အော်ပြောတော့ ဘေးအိမ်ကအမျိုးသားတစ်ယောက်က သုံးဘီးသွားထုတ်တာသုံးဘီးသွားယူချိန် အဲ့နားမှာ တစ်လုံးပြန်ကျတော့ သုံးဘီးဆရာပါ ထိသွားတယ်။ ကျန်တဲ့သူတွေတော့ နည်းတယ်။သားအမိနှစ်ယောက်တော့ တင်ပါးမှာ ထိသွားတယ် သူတို့နှစ်ယောက်တော့ နည်းနည်းဆိုးတာပေါ့” ဟု ၎င်းကပြောသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
လတ်တလောအချိန်တွင် အသက်အန္တရာယ် စိုးရိမ်ရခြင်းမရှိဘဲ ဗန်းမော်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု လူမှုကူညီရေးပရဟိတ အဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
ယနေ့နံနက် ရိုးကြီးကျေးရွာသို့ ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးသည် မည်သည့်အဖွဲ့အစည်းက ပစ်ခတ်လိုက်သည်ကို သံလွင်ခက်သတင်းဌာနက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ပုံစာ–လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးသွားသည့်လမ်းပိုင်းတစ်နေရာ။
Photo-CJ
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/776
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3751
Website ->https://eng.thanlwinkhet.net