Saw Smith
ဧပြီ ၂၄ ၊ ၂၀၂၃ ။
ထိုင်းဘုရင့်ဖလားချန်ပီယံ ကယန်းလက်ဝှေ့မယ်ဘရော်နီကာဟာ အီတလီနိုင်ငံမှာသွားရောက်ယှဥ်ပြိုင်ခဲ့တဲ့ မွေထိုင်းပြိုင်ပွဲမှာ အီတလီလက်ဝှေ့မယ်အဲလက်စ်တာဗွိုင်အိုလာကို အနိုင်ရရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာနေပြီးမွေထိုင်းပြိုင်ပွဲတွေ ယှဉ်ပြိုင်နေတဲ့ဘရော်နီကာဟာ သူရဲ့ပထမဆုံးနိုင်ငံတကာပြိုင်ပွဲမှာလည်းရလဒ်ကောင်းကိုဆက်ထိန်းနိုင်ခဲ့တာဖြစ်ပါတယ်။
ဧပြီ၂၂ရက်၊ဒေသစံတော်အချိန် ည၆နာရီ၊ ထိုင်းစံတော်ချိန် ည၁၁ နာရီမှာ ယှဥ်ပြိုင်ခဲ့တဲ့ ရောမမြေကမွေထိုင်းပြိုင်ပွဲမှာ လက်အိတ်နဲ့ယှဥ်ပြိုင်ရတာ၊ ရာသီဥတုနဲ့ အချိန်အပြောင်းအလဲရှိတာ လမ်းခရီးပင်ပန်းတာ စတဲ့အခက်အခဲတချို့ရှိခဲ့ပေမယ့် အိမ်ရှင်ပြိုင်ဘက်ကိုအသာစီးနဲ့ယှဉ်ပြိုင်ထိုးနိုင်ခဲ့ပါတယ်။
” အခက်အခဲတွေကြားကနေ ပြိုင်ရတဲ့ပြိုင်ပွဲလည်းဖြစ်၊ ရာသီဥတုအပြောင်းအလဲနဲ့၃ချီအမှတ်နဲ့ အနိုင်ရယူခဲ့ပါပြီ။ တကယ့် ထိုင်းဖိုက်တာတွေတောင်koနဲ့ရှုံးခဲ့တာမို့ ကိုယ့်ကလေးအများကြီးလုပ်နိုင်ခဲ့တယ် “လို့ ဘရော်နီကာနဲ့နီးစပ်တဲ့အမျိုးသမီးတစ်ဦးက လူမှုစာမျက်နှာမှာဖော်ပြထားပါတယ်။
အခက်အခဲတွေကြားက သွားရောက်ယှဥ်ပြိုင်ခဲ့ရပေမယ့် ဘရော်နီကာဟာ ပွဲစစချင်းမှာပဲ လက်သီးတွဲလုံးတွေ၊ ခြေကန်ချက်တွေနဲ့ တိုက်စစ်ဆင်ထိုးသတ်နိုင်ခဲ့ပါတယ်။
သုံးချီယှဥ်ပြိုင်ခဲ့ရတဲ့အဲ့ဒီပြိုင်ပွဲမှာ ဘရော်နီကာက သုံးချီစလုံးကို ထိချက်အသာစီးနဲ့ယှဥ်ပြိုင်ထိုးသတ်သွားနိုင်ပြီးပွဲအပြီးမှာအမှတ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အသက်၂၆နှစ်အရွယ် ဘရော်နီကာဟာ ရိုးရာလက်ဝှေ့မြန်မာပြည်ချန်ပီယံတစ်ဦးဖြစ်ခဲ့ပေမယ့် အာဏာသိမ်းကာလအတွင်းမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ရိုးရာလက်ဝှေ့ပွဲတွေမယှဥ်ပြိုင်တော့ဘဲ မွေထိုင်းပြိုင်ပွဲဘက်ကိုကူးပြောင်းခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှာမွေထိုင်းလေ့ကျင့်ပြီး ၂၀၂၂ နှစ်၁လပိုင်းမှာ မွေထိုင်းပြိုင်ပွဲစတင်ယှဉ်ပြိုင်ခဲ့တဲ့ဘရော်နီကာဟာ စစချင်းချင်းပွဲမှာရှုံးနိမ့်ခဲ့ပေမယ့် ကျန်ပွဲစဥ်အားလုံးကို အနိုင်ရရှိခဲ့ပါတယ်။
၂၀၂၂ ခုနှစ်အတွင်းမှာ နိုင်ပွဲ၉ပွဲထိရရှိခဲ့တဲ့ဘရော်နီကာဟာ ၂၀၂၃ ခုနှစ်၂လပိုင်းမှာ ထိုင်းဘုရင့်ဖလားချန်ပီယံခါးပတ်လုပွဲမှာ အနိုင်ရရှိခဲ့ပြီး မွေထိုင်းတစ်နှစ်တာအကောင်းဆုံးဆုကိုလည်းရရှိခဲ့ပါတယ်။
ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေမှာ ၁၈ ပွဲယှဥ်ပြိုင်ထိုးသတ်ခဲ့ရာမှာ ၉ ပွဲနိုင်၊ ၈ပွဲသရေ၊ ၁ပွဲရှုံးရလဒ်ကိုရရှိခဲ့တဲ့ ဘရော်နီကာဟာ မွေထိုင်းလောကထဲကိုကူးပြောင်းလာချိန်မှာလည်း ၁၂ ပွဲယှဥ်ပြိုင်ထားရာမှာ တစ်ပွဲသာရှုံးနိမ့်ထားပြီး ၁၁ပွဲဆက်အနိုင်ရလဒ်ကိုဆက်ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/786
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3770
Website ->https://eng.thanlwinkhet.net