သံလွင်ခက်
ဧပြီ ၂၈၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းပျူစောထီးရွာမှ သရက်တောရွာဘက်သို့ ရိက္ခာရှာထွက်လာသည့်စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းထောင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်စုစုပေါင်း ၁၀ဦးခန့်ပါဝင်သည့် စစ်ကြောင်းကို ယမန်နေ့ ညနေ ၆နာရီခန့်၌ ရွာနှစ်ရွာကြားတစ်နေရာတွင် တိုက်မိုင်းတစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေးတာဝန်ခံ ကိုATက သံလွင်ခက်သတင်းဌာနကိုပြောသည်။
၎င်းက “စားစရာမရှိတော့ အနီးနားက သရက်တော ကျေးရွာကို ဝင်ဖို့ လုပ်နေတာ။ သရက်တောကျေးရွာကို အလာမှာ မိုင်းမိလို့ သေတဲ့ လူနဲ့ လူနာတွေကို ပြန်သယ်ပြီး နောက်ကြောင်းပြန်ဆုတ်သွားတယ်“ဟုဆိုသည်။
အလယ်ကျွန်းပျူစောထီးရွာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ယခုနှစ်အစပိုင်းကတည်းက ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ခြင်းဖြစ်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပျူစောထီးများမှာ ရိက္ခာအခက်အခဲများ မကြာခဏကြုံနေရသည်ဟု သိရသည်။
သရက်တောရွာသည် အလယ်ကျွန်းပျူရွာ၏ အနောက်ဘက် ကပ်လျက်ရှိသည့်ရွာတစ်ခုဖြစ်ပြီး ရွာခံပြည်သူများရွာအပြင် တောထဲတွင် စစ်ဘေးရှောင်နေရသည်မှာ တစ်နှစ်ကျော်ရှိနေပြီဖြစ်သည်ဟု ကိုATက ပြောသည်။
“ရွာခံတွေက ရေသယ်တဲ့အချိန်ဘဲ ရွာထဲခဏ လာကြတာ။ လူမရှိတဲ့ရွာဆိုပြီး သူတို့က ရိက္ခာလာရှာတာဖြစ်မယ်” ဟုကို ATက ဆိုသည်။
အလားတူ ယမန်နေ့နံနက်ပိုင်း၌လည်း အလယ်ကျွန်းပျုရွာကို DRPAနှင့် မဟာမိတ်လက်နက်ကြီးတပ်ပေါင်းစုကတာဝေးပစ်လက်နက်ကြီးများဖြင့် အချက်ရေ ၁၀၀ ဝန်းကျင် ပစ်ခတ်ခဲ့၍တိုက်ခိုက်ခဲ့သည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/868
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3925
Website ->https://eng.thanlwinkhet.net