ယမင်းဖူးပွင့်အောင်
ဇွန် ၃၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အခြေခံကျောင်းများတက်ရောက်နေမှုများကို ခြိမ်းခြောက်အကြပ်ကိုင်မှုများ မပြုလုပ်ကြရန် မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က တားမြစ်ထားသည်။
အခြေခံပညာကျောင်း တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် ဆရာ၊ ဆရာမများနှင့်ကျောင်းသားမိဘများကို ခြိမ်းခြောက်အကြပ်ကိုင်ခြင်း မပြုလုပ်ရန် တားမြစ်ထားခြင်းဖြစ်သည်ဟု မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင် ကိုအာကူးက သံလွင်ခက်ကိုပြောသည်။
“ပညာရေးနဲ့ ပတ်သက်တဲ့ ဆရာ၊ ဆရာမတွေ ကျောင်းတက်တဲ့ကျောင်းသားလေးတွေကိုတော့ ဘာမှ အန္တရာယ်မပြုဖို့ပါ။ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေ လည်းရှိတယ်လေ။ စည်းစနစ်တကျသွားမှပဲ တော်လှန်ရေးကို မငြိစွန်းမှာပေါ့” ဟု ၎င်းကပြောသည်။
ယမန်နေ့ နေ့လည်၂ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူ ဖွင့်လှစ်ထားသည့် အခြေခံပညာအထက်တန်းကျောင်းခွဲကို မုံရွာပြောက်ကျားတပ်ပေါင်းစုများက သေနတ် ၈ ချက်ဖောက် သတိပေးခဲ့သည်။
မုံရွာမြို့ပေါ်က စစ်ကောင်စီထိန်းချုပ်ကျောင်းများအောက်တက်ရောက်နေသူများကို သတိပေးသည့်အနေဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်ဟု မုံရွာUG တပ်ပေါင်းစုခေါင်းဆောင် ဗိုလ်ဒဿက ပြောသည်။
“ကျောင်းတက်တဲ့လူအင်အား များတယ်ကြားထားလို့ ပစ်ဖောက်သတိပေးရခြင်းဖြစ်ပါတယ်။ကျောင်းတွေကိုထိခိုက်လိုစိတ်မရှိပါဘူး။ ပစ်ဖောက်သတိပေးပြီးတဲ့နောက် ချက်ချင်းကျောင်းဆင်းပေးတယ်လို့ သိရပါတယ်” ဟု၎င်းကပြောသည်။
အမျိုးသား ညီညွတ်ရေးအစိုးရသည် ပြည်သူများ၏ ပညာရေးဆိုင်ရာ (Right to Education) ကို ဖြည့်ဆည်းပေးရန် ခိုင်မာစွာဆုံးဖြတ်ချက်ချထားပြီး ထိုသို့သော ပိုင်းဖြတ်မှုကို စစ်သည်တော်ကျင့်ဝတ်များ၊ ကြားကာလပညာရေးအစီအမံများနှင့် စစ်သည်တော်ကျင့်ဝတ်များကို တင်းကျပ်စွာလေးစားလိုက်နာကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
ပုံစာ– စစ်ကောင်စီထိန်းချုပ်မှုအောက် ကျောင်းတက်နေသည့် မြင်ကွင်း/ပုံဟောင်း။
Photo -Crd
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1314
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.com/?p=4886
Website ->https://eng.thanlwinkhet.net