သံလွင်ခက်။
ဩဂုတ် ၁၀၊၂၀၂၃။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
ယမန်နေ့ ဩဂုတ် ၉ ရက် နံနက် ၄ နာရီမှစတင်ကာ နေ့လည်ပိုင်းအချိန်ထိ ကျောက်တံခါးမြို့နယ် ကျွဲတလင်းကျေးရွာနှင့် သမင်အင်းကုန်းကျေးရွာကြားတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းနှင့် စစ်ကောင်စီကြားတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၃၀ ခန့် သေဆုံးခဲ့ပြီး စက်လက် ငါးကြင်းမြှီးအပါအဝင် လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ တစ်ဦး ကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဆိုသည်။
ထို့ပြင် ပိန်းဇလုတ်အခြေစိုက် စစ်ကောင်စီ ခမရ ၂၆၄ တပ် ၊ ကျောက်တံခါးမြို့နှင့် သူဌေးကုန်းတို့တွင်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားနေသည့် သမင်အင်းကုန်းကျေးရွာအုပ်စုများဘက်သို့လက်နက်ကြီးများဖြင့် ပစ်ကူမှုများ လုပ်ဆောင်ခဲ့သည်။
ဇူလိုင်လ တတိယပတ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပူးပေါင်းစစ်ကြောင်းနှင့် စစ်ကောင်စီကြားဖြစ်ပွားခဲ့သည့် ကျောက်တံခါးမြို့နယ် နံဇကျေးရွာအနီးတိုက်ပွဲစတင်ချိန်မှ ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ကျောက်တံခါးမြို့နယ် အတွင်းကို နေ့စဉ် လက်နက်ကြီးပစ်မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၃ ရက်နေ့တွင် ပိန်းဇလုတ်အခြေစိုက် စစ်ကောင်စီ ခမရ ၂၆၄ တပ်မှ တပ်ဖွဲ့ဝင်များသည်ကျောက်တံခါးမြို့တွင်အထိုင်ချကာ သမင်အင်းကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်မှုများ လုပ်ဆောင်ခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် အသက် ၁၆ နှစ်အရွယ် သမင်အင်းကုန်းမှ ဆယ်တန်းကျောင်းသူတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ နေ့စဉ်လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောက်တံခါးမြို့နယ်အတွင်းရှိ သမင်အင်းကုန်း၊ကျွဲတလင်း၊ လေးအိမ်စု၊ ခိုလို၊ ဘုရားငုတ္တို၊စဉ့်အိုးလှ၊ နံဇ၊တလိုင်းခင်၊ ဖိုးတ၊ချောင်းဝ၊တောင်ခင်၊နွားရေချောင်းစသည့် ကျေးရွာ ၁၀ ရွာကျော်မှ လူဦးရေ ထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
ထို့ပြင် တိုက်ပွဲများပြင်းထန်နေသည့် ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ်အတွင်းကို စစ်ကောင်စီက ဩဂုတ်လ ၇ရက် နေ့လယ်ပိုင်းအချိန်ကစပြီး အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်။
ပုံစာ – တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် စစ်အသုံးအဆောင်ပစ္စည်းများမြင်ကွင်း။
Photo – ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
******************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1746
YouTube- > https://youtu.be/Pbe2cix7VKg
Website -> https://thanlwinkhet.com/?p=5215
Website ->https://eng.thanlwinkhet.net