သံလွင်ခက်
စက်တင်ဘာ ၃၀ ၊ ၂၀၂၃ ။
အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်စစ်ကြောင်းများကို ခုခံတိုက်ခိုက်ရင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF၊ အမှတ် ၅ တပ်ရင်းက စစ်ကြောင်းမှူး ၁ ဦးကျဆုံးခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်း စက်တင်ဘာလ၂၇ ရက်က ဖရူဆိုမြို့နယ် ထားလဲကျေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့်အပြန်အလှန်ပစ်ခတ်ရင်း KNDF အမှတ် ၅၊ စစ်ကြောင်းမှူး ကာဗြေလယ်ကျဆုံးခဲ့ပြီး ၎င်း ၏ဈာပနအခမ်းအနားပြုလုပ်ခဲ့ကြောင်း ယနေ့ စက်တင်ဘာ ၃၀ ရက်တွင် KNDF အမှတ် ၅ တပ်ရင်းက ထုတ်ပြန်သည်။
ကျဆုံးသွားခဲ့သော စစ်ကြောင်းမှူး ကာဗြေလယ် သည် ကရင်နီ အမျိုးအသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် ၅ နှင့်ပူးတွဲ၍ (ကရင်နီတပ်ပေါင်းစု ကွန်မန်ဒို) တွင်တာဝန်ထမ်းဆောင်ခဲ့သော စစ်ကြောင်းမှူးတစ်ဦးဖြစ်သည်။
ထိုင်း – ကရင်နီနယ်စပ်ရှိ မယ်စဲ့မြို့ကို ပြီးခဲ့သော ဇွန်လတတိယပတ်တွင် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီက အင်အားထောင်ချီအသုံးပြုပြီး ပြန်လည်ထိုးစစ်ဆင်နေခဲ့သည်။
စစ်ကောင်စီသည် ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးနှင့် ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမကြီးကိုထိန်းချုပ်ရန် ကားအစီးရေ ရာချီအသုံးပြုပြီး ရှေ့ထွက်မြေပြင်အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေခဲ့သဖြင့်ပြင်းထန်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီသည် အဆိုပါလမ်းမကြီးများရှိ ဘောလခဲ ရွာသစ်နှင့် ဖားဆောင်းဘက်တို့ကတဆင့် မယ်စဲ့မြို့ကို အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်။
စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်စစ်ကြောင်းများကို တော်လှန်ရေးပူးပေါင်းတပ်များကအကောင်းဆုံး ကြားဖြတ်ခုခံတိုက်ခိုက်နေရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုများနေပြီး အချိန် ၂ လကျော်ကြာလာခဲ့သော်လည်း မယ်စဲ့မြို့သို့ စစ်ကောင်စီတပ်အင်အားများ မရောက်နိုင်သေးကြောင်းသိရသည်။
ပုံစာ– KNDF အမှတ် ၅ က စစ်ကြောင်းမှူး ကာဗြေလယ်၏ ဈာပနာအခမ်းအနား။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2068
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.com/?p=5761