မူဆယ် စစ်ဘေးရှောင် ၁၀၀၀ နီးပါး နေရပ်မပြန်နိုင်သေး
************
သံလွင်ခက်
စက်တင်ဘာ ၃၀ ၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ပေါ်ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၁၀၀၀ နီးပါး နေရပ် မပြန်နိုင်သေးဟု စစ်ဘေးရှောင်အမျိုးသမီး ၁ ဦးက ပြောသည်။
မူဆယ် (၁၀၅) မိုင် စယ်လန့်အုပ်စုနှင့် နမ့်ကတ်ကျေးရွာအုပ်စုကို စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေခြင်းကြောင့် နေရပ်ပြန်ရန် အခက်အခဲရှိနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
အခြားစစ်ဘေးရှောင်အမျိုးသမီး ၁ ဦးကလည်း “အခုချိန်ထိတော့ မပြန်ရဲသေးဘူး။ ရွာအခြေအနေကိုလည်း မသိရ သေးဘူး။ ဟိုတစ်ခေါက်လိုဖြစ်မှာလည်း စိုးရိမ်ရတယ်။ ပြန်သွားပြီး သိပ်မကြာဘူး၊ ပြန်ထွက်ပြေးလာရတာလေ”ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်က မူဆယ်(၁၀၅)မိုင်တွင် စစ်ကောင်စီနှင့် တအာင်းတပ်မတော်တို့အကြားတိုက်ပွဲပြင်းထန်ခဲ့ပြီး မူဆယ်မြို့နှင့် နမ့်ခမ်းမြို့များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
စက်တင်ဘာ ၂၈ ရက်တွင်လည်း စစ်ကောင်စီက အင်အားဖြည့်တင်းလာနေပြီး စစ်ရေးတင်းမာနေသည်ဟု ဒေသခံအမျိုးသား ၁ ဦးက ပြောသည်။
“စစ်ကောင်စီက တခါတလေ ရွာထဲမှာ လက်နက်နဲ့ပစ်တယ်။ တိုက်ပွဲတော့ မဖြစ်ဘူး။ သူတို့ တစ်ဘက်သတ် ပစ်တာတွေရှိတယ်။ ဘာကြောင့် ပစ်လဲတော့မသိဘူး။ နေအိမ်တွေ ထိခိုက်တာတော့မရှိသေးဘူး” ဟု ၎င်းကပြောသည်။
စစ်ဘေးရှောင်နေရသူများမှာ စားဝတ်နေရေးနှင့် နေထိုင်ရေး အခက်အခဲများကြုံတွေ့နေရသည်ဟု ကူညီသူများထံက သိရသည်။
Photo- SM (မူဆယ်စစ်ဘေးရှောင်များမြင်ကွင်း)
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2073
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.com/?p=5764