မိုခါ ၅ လပြည့်ချိန်အထိ စစ်ရှောင်စခန်းတွေမှာ အိမ်ပြန်မဆောက်နိုင်သေး
****************
မိခိုင်
အောက်တိုဘာ ၁၅၊ ၂၀၂၃။
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့်ပျက်စီးသွားသည့် ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်စခန်းများအား ၅ လကြာသည်အထိ ပြန်လည်ပြုပြင်ရန် အခက်အခဲများရှိနေသည်ဟု စစ်ဘေးရှောင်များထံက သိရသည်။
မုန်တိုင်းကြောင့် ရသေ့တောင်၊ စစ်တွေ ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စသည့်မြို့နယ်များရှိ စစ်ရှောင်စခန်း ခန့်မှန်းခြေ စုစုပေါင်း ၅၀ ကျော်ဝန်းကျင် အားလုံးပျက်စီးခဲ့ရသည်ဟု လူမှုကူညီရေးအဖွဲ့များထံက သိရသည်။
အဆိုပါစစ်ရှောင်စခန်းများတွင် လက်ရှိအချိန်အထိ ကူညီထောက်ပံ့မှုတစုံတရာမရရှိသေးသောကြောင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့်သာ နေအိမ်များပြုပြင်ထားရပြီး ငွေကြေးမလုံလောက်သည့်အတွက် စား၀တ်နေရေးကိုသာ ဦးစားပေးနေရသည်ဟု စစ်ဘေးရှောင်များက ဆိုသည်။
ကျောက်တော်မြို့ရှိ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းရှိ စစ်ရှောင်တစ်ဦးက “အဓိကကူညီပေးတဲ့ အဖွဲ့တွေ မရှိသေးဘူး။ ကျွန်မတို့မှာက အရင်ကအတိုင်းပဲ တာပေါ်လင်,စတွေကို ပြန်ကောက်ယူပြီး ပြန်ဖာထားရတယ်။အကုန်လုံးမှာ ပြန်အသစ်ဆောက်နိုင်တာ မရှိပါဘူး” ဟု ပြောသည်။
ငွေကြေးအနည်းငယ်အဆင်ပြေသည့် တချို့စစ်ဘေးရှောင်များသာ ဝါးအနည်းငယ်မျှဝယ်ယူပြီး တာပေါ်လင်,စများ ဖြင့် အိမ်ပြန်ဆောက်ထားကြသည်ဟု သိရသည်။ ထို့ပြင် စခန်းရှိစစ်ဘေးရှောင်များအတွက် ကူညီကယ်ဆယ်ရေး အားနည်းခဲ့သည်ကိုလည်း တွေ့မြင်နေရသည်ဟု ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက ဆိုကြသည်။
လက်ရှိမှာတော့ စစ်ဘေးရှောင်များမှာ အလုပ်အကိုင်ရှားပါးသည့်အတွက် စားဝတ်နေရေး ပိုမိုခက်ခဲလာနေသည်။တဘက်တွင်လည်း စစ်ဘေးရှောင်များမှာ လူမှုကူညီရေးအဖွဲ့များထံက ရိက္ခာထောက်ပံ့မှုများ ပုံမှန်မရရှိသဖြင့် စားဝတ်နေရေးအတွက် ရုန်းကန်နေရသောကြောင့် ကျောတစ်ခင်းစာအတွက်ကိုသာ ဦးစားပေးဖြေရှင်းနေကြရ သည်ဟု ဆိုကြသည်။
ကျောက်တော်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းရှိ အမျိုးသား ၁ ဦးက “အရင်က သစ်စတွေ၊ တာပေါ်လင်,စ အဟောင်းတွေနဲ့ အပေါ်ကပတ်ထားတယ်။ အသစ်လုပ်ဖို့က ပိုက်ဆံလည်း မရှိဘူး။ ကုန်စျေးနှုန်းကကြီးနေတော့ ပိုဆိုးတယ်။မဝယ်နိုင်ဘူး။ ထမင်းတစ်နပ် မငတ်ဖို့အတွက် အားထုတ်နေရတာ” ဟု ဆိုသည်။
စစ်ဘေးရှောင်များသည် မုန်တိုင်းအလွန်ပြန်လည်ထူထောင်ရေးပိုင်းကို လုံး၀ မစတင်နိုင်သေးသောအခြေအနေမျိုးတွင် ရှိနေသည်ဟု ကျောက်တော်က CSO လူငယ် ၁ ဦးက ထောက်ပြသည်။
“သူတို့က စားဝတ်နေရေးဘက်ကို သွားနေရတယ်။ တစ်ဘက်မှာလည်း လုံခြုံရေးအခြေအနေကိုလည်း ကြောက်နေကြတယ်။ မုဒိန်းမှုကလည်း နေရာတိုင်းမှာ ဖြစ်နေတာကိုး။ နောက် စစ်ရေးအခြေအနေကိုလည်း အရင်က ထက်စိုးရိမ်နေရတော့ ထူထောင်ရေးအပိုင်းကို မစရသေးဘူးပေါ့” ဟု ၎င်းက ဆိုသည်။
မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် စစ်ဘေးရှောင်စခန်း များအား သက်ဆိုင်ရာ နယ်မြေအစိုးရအနေဖြင့် တစုံတရာထောက်ပံ့မှုများ မပေးအပ်ခဲ့ပေ။ ထို့အပြင် ရခိုင်ပြည်အတွင်းသို့လာရောက်မည့် ပြည်တွင်း၊ ပြည်ပ အကူအညီပေးရေးအဖွဲ့များ ၀င်ရောက်ခွင့်ကိုလည်း စစ်ကောင်စီဘက်က ကန့်သတ်မှုများ ရှိခဲ့သည်။
ရခိုင်ပြည်နယ်တွင် နယ်မြေတည်ငြိမ်နေသော်လည်း စစ်ပွဲအခြေအနေစိုးရိမ်ရမှုများ ရှိနေသည့်အတွက် မိမိနေရပ် မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ၆၉၀၀၀ ကျော်ထိ ရှိနေပါသည်။
ပုံစာ – ရခိုင်ပြည်နယ် စင်းဘောကိုင်းစစ်ရှောင်စခန်း။ (ပုံဟောင်း)
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2167
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.com/?p=5889