ရှမ်း/တောင်တွင် ဖမ်းဆီးထားသောတရုတ်နိုင်ငံသားများကို နေရာရွှေ့
*********************
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၂၇၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကဖမ်းဆီးခဲ့သည့် အွန်လိုင်းငွေ လိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို နေရာရွှေ့ပြောင်းလိုက်သည်ဟု သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများကြောင့် ထွက်ပြေးလာကြသည့် အဆိုပါ တရုတ်နိုင်ငံသား ၁,၀၀၀ ကျော်သည် နမ့်စန်မြို့နယ်ရှိကျေးရွာများတွင်ခိုအောင်းနေခဲ့ပြီး စစ်ကောင်စီဘက်ဖမ်းဆီးပြီးနောက်ပိုင်း ယနေ့ ဇန်နဝါရီ ၂၇ ရက်တွင် ၁၂ ဘီးကား ၅ စီးဖြင့်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မျက်မြင်မြင်တွေ့ခဲ့ရသည့် နမ့်စန်ဒေသခံ အမျိုးသား ၁ ဦးက သံလွင်ခက် ကို ပြောသည်။
“၁၂ ဘီးကား ၅ စီးနဲ့တင်သွားတယ်။ ၁ စီး ၁ စီးခြားကို လုံခြုံရေးကား ၁ စီးပါတယ်။ တပ်နယ်ရော ပြည်သူ့စစ်ရော ပူးပေါင်းပြီး ဖမ်းတဲ့ပုံစံမျိုးပေါ့” ဟုဆိုသည်။
ထိုသို့ရွှေ့ပြောင်းရာတွင် လူဝင်မှုကြီးကြပ်ရေးရုံးက တာဝန်ရှိသူများလည်း လိုက်ပါလာသည်ကို တွေ့မြင်ရသော ကြောင့် ကျားဖြန့်လုပ်ကိုင်သူများကို နယ်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများကပြောသော်လည်း သံလွင်ခက်က အနေဖြင့် အတည်ပြနိုင်ခြင်းမရှိသေးပါ။
ရှမ်း/မြောက်တိုက်ပွဲများကြောင့် နမ့်စန်မြို့ရှိပြည်သူ့စစ်အကူအညီများဖြင့် တရုတ်နိုင်ငံသား ၁,၀၀၀ ကျော် ရှမ်း/တောင်နမ့်စန်မြို့နယ်တွင်း ဝင်ရောက်လာနိုင်ခဲ့ခြင်းဖြစ်ပြီး မည်သည့်အခြေအနေကြောင့် ပြန်လည်ဖမ်းဆီးခဲ့ သည်ကိုတော့ မသိရသေးဟု ဒေသခံ ၁ ဦးကဆိုသည်။
“ တရုတ်နိုင်ငံသားတွေ ဒီလောက်လူအများကြီး ဒီကိုရောက်လာဖို့မလွယ်ဘူးလေ။ ရှမ်း/မြောက်ကနေ ဒီကပြည်သူ့ စစ်တွေဆီကို ပုန်းဖို့ရောက်လာကြတဲ့သူမျိုးပေါ့။ သူတို့ဆီမှာလက်ခံထားပြီးမှ ဖမ်းမှဖြစ်တော့မယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်သွားလို့ ပြန်ဖမ်းပြီးအပ်လိုက်တာပဲလေ” ဟု အဆိုပါဒေသခံကပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်၌ နမ့်စန်မြို့နယ်ရှိကျေးရွာများတွင် ခိုအောင်းနေကြသည့် တရားမဝင်တရုတ် နိုင်ငံ သား ၁,၀၀၀ ကျော်ကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြသည်ဟု စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်ထားသည်။
ဖမ်းဆီးရသူများမှာ အမျိုးသား ၁၀၀၂ ဦး၊ အမျိုးသမီး ၃၆ စုစုပေါင်း ၁၀၃၈ ဦးဖြစ်ပြီး အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်းတွင် အသုံးပြုသည့် Desktop ၄၅ လုံး၊ Laptop ၇ လုံး၊ ဖုန်းမျိုးစုံ ၂၃၇၃ လုံး၊ WiFi စက် ၁၂ လုံး သိမ်းဆည်းရမိသည်ဟု သိရသည်။
စစ်ကောင်စီသည် အွန်လိုင်းငွေလိမ်လည်မှုလုပ်ကိုင်နေသူများအား အရေးယူနေသည်ဆိုသော်လည်း တရုတ်နိုင်ငံ ကအလိုရှိနေသည့် ဦးပယ်ဆောက်ချိန် အပါအဝင် အဓိကကျားဖြန့်တရားခံများကို လောက်ကိုင်မြို့ကတဆင့် နမ့်စန်မြို့ကို ရဟတ်ယာဉ်ဖြင့်ခေါ်ဆောင်လာပြီး နမ့်စန်ရှိစစ်ကောင်စီလေတပ်နှင့် တပ်စခန်းများတွင် လုံခြုံရေး အင်အားအပြည့်ဖြင့် နေထိုင်ခွင့်ပေးထားသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။
ထိုသို့သတင်းများထွက်လာပြီးနောက်မှာတော့ စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်းရှိ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်)လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁,၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်ဟု သတင်းထုတ်ပြန်လာသည်ကို တွေ့ရသည်။
ရှမ်း/တောင် နမ့်စန်မြို့တွင် မဟာဂျာ (SSS)၊ မတ်ကျန်း၊ နားရိုင်း၊ PNO စသည့် ပြည်သူ့စစ်အဖွဲ့များရှိနေပြီး ၎င်းအဖွဲ့အစည်းများသည် စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများ ဖြစ်သည်။
ဓာတ်ပုံ – CJ
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3161
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7310