အမျိုးသမီးထိန်းသိမ်းရေးသင်တန်းကျောင်း ၃ ခုတွင် လိင်ပိုင်းဆိုင်ရာအခွင့်အရေးချိုးဖောက်မှုများရှိနေ
*******
သံလွင်ခက်
မေ ၃၀၊၂၀၂၄။
လူငယ်သင်တန်းကျောင်းအမည်ခံ အမျိုးသမီးလူငယ်အကျဉ်းထောင်များတွင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများရှိနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM က ယနေ့ မေလ ၃၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်ရှိ ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးသင်တန်းကျောင်း၊ ကော့မှူးအမျိုးသမီးသင်တန်းကျောင်းနှင့် မန္တလေးရှိပုသိမ်ကြီးအမျိုးသမီးလူငယ်သင်တန်းကျောင်းများတွင် အသက်မပြည့်သေးသည့် နိုင်/ကျဉ်းအမျိုးသမီးငယ်များအပါအဝင် အခြားအမျိုးသမီးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာဖိနှိပ်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
အမျိုးသမီးငယ်များထားရာ အခန်းများ၊ ရေချိုးခန်းများနှင့် အိမ်သာများတွင် လုံခြုံရေးဟူသောအကြောင်းပြချက်ဖြင့် CCTV တပ်ဆင်ထားခြင်း၊အကျဉ်းသူအချို့ကို အပြစ်ပေးအရေးယူရာတွင် ဝတ်ဆင်ထားသည့်အဝတ်အစားများ ချွတ်ခိုင်းခြင်းအပြင ်အပေါ့ အလေးသွားလာခွင့်ကိုလည်း သတ်မှတ်ချိန်အတွင်း၌သာသွားရောက်ခွင့်ပြုပြီး ကျန်အချိန်များတွင် အပေါ့အလေးသွားပါက သင်တန်းကျောင်းရှိဝန်ထမ်းများက တုတ်ဖြင့်ရိုက်၍အပြစ်ပေးခြင်းနှင့် ကျောင်းအတွင်းလုပ်ငန်းဟုဆိုကာ နိုင်/ကျဉ်းအမျိုးသမီးငယ်များအား ထင်းခွဲခိုင်းခြင်း၊ မြက်ပေါက်ခိုင်းခြင်း စသည့်အခွင့်အရေးချိုးဖောက်မှုများလုပ်ဆောင်နေခြင်းဖြစ်သည်။
ထို့ပြင် အပျိုဖော်ဝင်ကာစ အမျိုးသမီးငယ်များ ရာသီသွေး ဓမ္မတာလာချိန်၌ အမျိုးသမီး လစဉ်သုံးပစ္စည်းလုံလောက်စွာထောက်ပံ့မပေးခြင်း ၊ ထောင်တွင်းစားသောက်ရေးအဆင်မပြေမှုနှင့် ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာမရရှိသည့် အခြေအနေများ ရင်ဆိုင်နေရသည်ဟု PPNM ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမျိုးသမီးငယ်များအပေါ် ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သတ်ပြီး နိုင်ငံရေးအကျဉ်းသူများအဖွဲ့ – WOPPတာဝန်ရှိသူ ၁ ဦးက “ဒီလိုမျိုးလုပ်နေတဲ့အပေါ်မှာ ကျွန်မတို့အဖွဲ့အစည်းတွေအနေနဲ့ ရှုတ်ချတယ်လို့ပြောချင်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုလည်းဖြစ်တယ်။ စစ်ကြောရေးစခန်းလိုနေရာမျိုးတွေမှာ အမျိုးသမီးငယ်တွေကို မုဒိမ်းကျင့်တာမျိုးတွေ၊ သတ်ဖြတ်တာတွေ ထောင်တွင်းပိုင်းတွေမှာလိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကျူးလွန်နေတဲ့ အကျဉ်းထောင်ဝန်ထမ်းတွေ ထပ်မလုပ်ဖို့ ရပ်တန်းကရပ်သင့်ပြီ။ ပြည်သူတွေနဲ့ ပူးပေါင်းပါလို့ပြောချင်တယ်လို့ တောင်းဆိုချင်ပါတယ်”ဟုဆိုသည်။
လက်ရှိတွင် အသက်မပြည့်သေးသည့်လူငယ်အမျိုးသမီးများကို ရန်ကုန်တွင် ဗဟန်းအမျိုးသမီး ထိန်းသိမ်းရေးသင်တန်းကျောင်း၊ ကော့မှူးအမျိုးသမီးသင်တန်းကျောင်းနှင့် မန္တလေးတွင် ပုသိမ်ကြီးအမျိုးသမီး လူငယ်သင်တန်းကျောင်းများတွင် ဖမ်းဆီးထားလျက်ရှိသည်ဟု PPNM ထုတ်ပြန်ချက်အရ သိရသည်။
****
Telegram – > https://t.me/ThanLwinKhetNews/4700
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=10257