ဘူးသီးတောင် အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၃၁ ဦးအပါအဝင် ၉၈ ဦးကို AA ကယ်ထုတ်
**************
သံလွင်ခက်။
မေ ၃၁ ၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးနောက် အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၃၁ ဦးအပါအဝင် ၉၈ ဦးကို AA က ကယ်ထုတ်ပေးခဲ့သည်ဟု AA က ထုတ်ပြန်သည်။
ဘူးသီးတောင် အကျဉ်းထောင်တွင် ပိတ်မိနေကြသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ ယာဉ်တိုက်မှု၊ သစ်ခိုးထုတ်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ လဝကမှု၊ သူခိုးလက်ခံမှု အစရှိသော ရာဇဝတ်မှုအသီးသီးကျူးလွန်ထားသည့် အကျဉ်းသားစုစုပေါင်း (၉၈) ဦးအား မေလ (၁၆) ရက်၌ ဘေးလွတ်ရာသို့ ကယ်ထုတ်လာနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အကျဉ်းသား (၉၈) ဦးအား ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူများမှ အချက်အလက်ကောက်ယူစိစစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု စံနှုန်းများအရ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အရေးပေါ်လိုအပ်လျက်ရှိသော စားဝတ်နေရေးထောက်ပံ့ကူညီမှုများကို လုပ်ဆောင်ပေးခဲ့သည်ဟု AA က ဆိုသည်။
ထို့အပြင် စစ်ကောင်စီက မတရားသဖြင့် ဖမ်းဆီးထောင်ချထားသည့် နိုင်ငံရေးအကျဉ်းသား (၃၁) ဦး ပါရှိပြီး ၎င်းတိုအား မိသားစုဝင်များနှင့် ဆက်သွယ်ပေးကာ မိသားစုဝင်များထံ ဘေးကင်းစွာ ပြန်နိုင်ရေးအတွက် လိုအပ်သည့် ငွေကြေးထောက်ပံ့မှုအချိုကိုလည်း မေလ (၂၆) ရက်တွင် ကူညီဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
အကျဉ်းထောင်မှ လွတ်မြောက်လာသူများသည် ၎င်းတိုနေထိုင်ရာ ကျေးရွာများတွင် သွားရောက်နေထိုင်နေကြပြီဖြစ်သည့်အပြင် AA က ဆက်လက်ကူညီ ထောက်ပံ့လျက်ရှိသည်ဟု AA က ထုတ်ပြန်ထားသည်။
အာရက္ခတပ်တော် AA သည် ဘူးသီးတောင်မြိုရှိ စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် တပ်ရင်း၊ တပ်စခန်းအားလုံးအား မေလ (၁၈) ရက်၊ မွန်းတည့် (၁၂) နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်ရယူခဲ့ခြင်းဖြစ်သည်။