မံစီမြို့နယ်ရှိ တပ်စခန်းများ လက်မလွှတ်ရရေး စစ်ကောင်စီအင်အားဖြည့်တင်း
*******
ထွယ်
မေ ၃၁၊ ၂၀၂၄။
စစ်ကောင်စီတပ်သည် ကချင်ပြည်နယ် မံစီမြို့နယ်ရှိ ၎င်းတို့၏တပ်စခန်း လက်မလွှတ်ရရေးအတွက် လေကြောင်းဖြင့်သာမက မြေပြင်အင်အားဖြင့်လည်း အင်အားများဖြည့်တင်းလျက်ရှိသည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင်ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ ခြေမြန် တပ်ရင်း ခမရ – ၃၁၉ နှင့် ခြေလျင် တပ်ရင်း ခလရ – ၆၀၁ တပ်ရင်းကို စစ်ကောင်စီတပ်က ယမန်နေ့တစ်ရက်တည်းပင် လေကြောင်းဖြင့် နှစ်ကြိမ်လာရောက် အင်အားဖြည့်တင်းသွားသည်ဟု ရှေ့တန်းရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “၃၁၉ က တိုက်ခံနေရတာကိုဗျ။ ဝိုင်းတိုက်နေတာဆိုတော့ ဒီနေ့တင်ပစ္စည်းတွေလာချနေတာ နှစ်ခါရှိပြီဗျ။ တစ်ခါချရင် ၁၀ ထုပ်အကျော်ပဲ” ဟု ပြောသည်။
စစ်ကောင်စီတပ်က မံစီမြို့နယ်ရှိ ၎င်းတို့တပ်ကို ပြီးခဲ့သည့်အပတ်၌လည်း ယခုကဲ့သို့ လေကြောင်းဖြင့် အင် အားဖြည့်တင်းမှုများပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် လေကြောင်းအပြင် မြေပြင်စစ်ကြောင်းဖြင့်လည်း အင်အားဖြည့်တင်းလျက်ရှိသည် အခြားသတင်းရင်းမြစ် ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။
မေလ ၂၈ ရက်ကစတင်ပြီး ဗန်းမော်မြို့ရှိ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကြောင်းနှစ်ခုခွဲကာ မံစီမြို့နယ်သို့ စစ် ကြောင်းထိုးလျက်ရှိသည်ဟုကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ကာကွယ်ရေတပ်ဖွဲ့ဝင်တစ်ဦးက “သူတို့ ထွက်မယ် လုပ်နေတာကြာပြီ။ အရင်က ရှေ့လမ်းတွေမှာချထားတဲ့ စစ် သားတွေကိုအကုန်အထဲပြန်သွင်းပြီး အဲ့နေ့ကမှ ထွက်လာကြတာ။ စစ်ကြောင်းကနှစ်ကြောင်း ဗန်းမော်ကထွက်လာတာ” ဟုပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကြောင်းတစ်ခုလျှင် အင်အား ၁၀၀ ကျော်ခန့်ရှိသည်ဟုလည်း သိရသည်။
မံစီမြို့ရှိ စစ်ကောင်စီ၏ တပ်ရင်းများကို ကချင်လွတ် လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်က ယခုနှစ် မေလလဆန်းကတည်းကပင် ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။
ယခုအပတ်တွင်းပင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် မကြာခဏပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး ဗန်းမော်မြို့နှင့် မံစီမြို့နယ်အကြားရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ – ၄၇ တပ်ရင်းကလည်း မံစီမြို့နယ်ကို လက် နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိသည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
ကချင်ပြည်နယ်တွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့တပ်စခန်းများကို KIAနှင့် ပူးပေါင်းတပ်က မတ်လ ၇ ရက်ကတည်းက တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ၂ လအတွင်းပင် စစ်ကောင်စီ၏ စခန်းကြီး၊ စခန်းငယ် စုစုပေါင်း ၉၀ ခန့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။